စားသုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီရဲ့ အပတ်စဉ်ထုတ်ပြန်ချက်တွေအရ စားအုန်းဆီ ရန်ကုန်အထိုင်ဈေး လက်ကားရည်ညွှန်းဈေးနှုန်းတွေဟာ သုံးပတ်ဆက်တိုက် မြင့်တက်လာတာကို တွေ့ရပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၁ ရက်က စားအုန်းဆီ ရန်ကုန်အထိုင်ဈေးအဖြစ် ထုတ်ပြန်ခဲ့ရာမှာ တစ်ပိဿာ ကို ၆၆၃၅ ကျပ်သာ ရှိခဲ့တာပါ။
နိုဝင်ဘာ ၁၈ ရက်မှာ တစ်ပိဿာကို ၇၀၁၅ ကျပ်အထိ မြင့်တက်သွားခဲ့ပြီး နိုဝင်ဘာ၂၆ ရက်မှာ တစ်ပိဿာကို ၇၂၈၀ ကျပ်၊ ဒီဇင်ဘာ၂ ရက်မှာ တစ်ပိဿာကို ၇၃၀၅ ကျပ်အထိ ဆက်လက် မြင့်တက်လာတာ တွေ့ရပါတယ်။ စားအုန်းဆီဈေးနှုန်းတွေထုတ်ပြန်ရာမှာ စားအုန်းဆီအဓိကထုတ်လုပ်တင်ပို့တဲ့ မလေးရှားနိုင်ငံမှာဖြစ်ပေါ်နေတဲ့ FOBဈေးနှုန်းတွေကို နေ့စဉ်စောင့်ကြည့်ပြီး သယ်ယူပို့ဆောင်ခကုန်ကျစရိတ်တွေ၊ ဘဏ်စရိတ်တွေ၊ အခွန်အခ တွေကို ထည့်သွင်းတွက်ချက်ပြီး ထုတ်ပြန်ပေးတာဖြစ်တယ်လို့ ဆိုပါတယ်။
လက်ရှိ ရန်ကုန်မြို့မှာတော့ ပြင်ပလက်လီအရောင်းဆိုင်တွေမှာ စားအုန်းဆီပေါက်ဈေးက တစ်ပိဿာကို ကျပ် ၁၁၀၀၀ ဝန်းကျင်ရှိတယ်လို့ ဒေသခံတချို့ရဲ့ ပြောကြားချက်အရ သိရပါတယ်။ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းကလည်း ရန်ကုန်တိုင်းဒေသကြီး စားအုန်းဆီ အိမ်တိုင်ရာရောက် ဖြန့်ဖြူးရောင်းချရေး ကော်မတီရဲ့ ကြီးကြပ်မှုနဲ့ စားအုန်းဆီတွေကို အိမ်တိုင်ရာရောက် ဖြန့်ဖြူးရောင်းချပေးနေပြီး နိုဝင်ဘာ ၂၆ ရက် ကနေ ဒီဇင်ဘာ ၁ ရက်အထိ စားအုန်းဆီ ၂ ပိဿာ ၇၅ ကျပ်သားကို ပို့ဆောင်ခအပါ ၂၅၈၀၀ ကျပ်နဲ့ ရောင်းချ ပေးခဲ့တယ်လို့ သိရပါတယ်။