အရည်အသွေးကောင်းမွန်တဲ့ စမုန်နှမ်းနက် တစ်တင်းကို နှစ်သိန်းကျပ်အထိ ဈေးကောင်းရရှိနေတယ်လို့ မကွေးမြို့ကုန်စည်ဒိုင်ကနေသိရပါတယ်။ လတ်တလောမှာ ဧရာဝတီမြစ် အနောက်ဘက်ခြမ်းမှာ ရေသွင်းနှမ်းတွေထွက်ရှိနေပြီး မြစ်အရှေ့ဘက်ခြမ်းမှာလည်း နှမ်းတွေထွက်ရှိခါနီးပြီဖြစ်တယ်လို့ ဆိုပါတယ်။
လက်ရှိမှာတော့ စမုန်နှမ်းနက်တစ်တင်းကို နှစ်သိန်းကျပ်နဲ့ အရောင်းအဝယ်ပြုလုပ်နေပြီး ကျန်တဲ့နှမ်းအမျိုးအစားတွေကတော့ ကျပ်တစ်သိန်း ရှစ်သောင်းကနေ ကျပ်တစ်သိန်း ခြောက်သောင်းကြားဈေးတွေရှိတယ်လို့ မကွေးကုန်စည်ဒိုင် ဒုတိယဥက္ကဋ္ဌ ဦးကျော်ထွန်းက ပြောပါတယ်။

မကွေးမြို့အရောင်းအဝယ်ဈေးကွက်ထဲမှာလည်း စမုန်နှမ်းနက်တစ်တင်းကို နှစ်သိန်းကျပ်၊ နှမ်းဖြူတစ်တင်းကို တစ်သိန်း လေးသောင်း ငါးထောင်ကျပ်ဝန်းကျင်နဲ့ အရောင်းအဝယ် ပြုလုပ်နေတယ်လို့ သိရပါတယ်။ မကွေး မြို့နယ်အတွင်း အခုနှစ် နှမ်းစိုက်ပျိုးမှုမှာတော့ မိုးခေါင်တာနဲ့ ကြုံတွေ့ခဲ့ရတာကြောင့် ပြီးခဲ့တဲ့နှစ်တွေထက် နှမ်းအထွက်နှုန်း ကျဆင်းတယ်လို့သိရပါတယ်။