အခုဘဏ္ဍာနှစ်အတွင်း စစ်ကိုင်းတိုင်းဒေသကြီးကို ပြည်တွင်းရင်းနှီးမြှုပ်နှံမှုပမာဏ ကျပ်ဘီလီယံ၂၀ နီးပါး ဝင်ရောက်ထားတယ်လို့ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က ပြောပါတယ်။ ဒီဇင်ဘာ ၇ ရက်က ပြုလုပ်တဲ့ စစ်ကိုင်းတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီအစည်းအဝေးမှာ အခုလို ပြောကြားလိုက်တာပါ။

ရင်းနှီးမြှုပ်နှံမှုတွေ ထပ်မံတိုးမြင့်ဝင်ရောက်လာဖို့အတွက်ကိုလည်း အားပေးဖိတ်ခေါ်သွားဖို့ လိုတယ်လို့ ဆိုပါ တယ်။ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှာ လူဦးရေ ၅ သန်းကျော်ရှိတဲ့အတွက် အသားထုတ်လုပ်မှု၊ စားသုံးမှု ဖူလုံစေရေးအတွက် ကြက်/ဝက်မွေးမြူရေးလုပ်ငန်းတွေနဲ့ တည်ဆောက်ရေးလုပ်ငန်းသုံး ပစ္စည်းတွေဖြစ်တဲ့ ဘိလပ်မြေ၊ သွပ်၊ သံ၊ သံမဏိထုတ်လုပ်တဲ့လုပ်ငန်းတွေကို စက်မှုဇုန်နဲ့ စက်မှုဇုန်ပြင်ပမြေတွေမှာ မြေယာ အသုံးပြုခွင့် လျှောက်ထားပြီး လုပ်ငန်းဆောင်ရွက်နိုင်တယ်လို့လည်း ဦးမြတ်ကျော်က ပြောကြားခဲ့ပါတယ်။