ရန်ကုန်မြို့မှာ စက်သုံးဆီဝယ်ယူဖို့အတွက် ဆီဆိုင်တွေမှာ အချိန်ကြာမြင့်စွာတန်းစီ စောင့်ဆိုင်းနေရပြီး ဆီဆိုင်အချို့မှာတော့ ကားတွေ ညအိပ်တန်းစီစောင့်ဆိုင်းနေရတာတွေ ရှိနေတယ်လို့ ရန်ကုန်မြို့က အငှား ယာဉ်မောင်းအချို့က ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ နောက်ဆုံးပတ်လောက်ကစပြီး ရန်ကုန်မြို့အပါအဝင် နိုင်ငံတစ်ဝန်းမှာ စက်သုံးဆီရရှိမှု ခက်ခဲနေတာဖြစ်ပြီး စက်သုံးဆီအရောင်းဆိုင်တွေမှာ အချိန်ကြာမြင့်စွာ ကားတန်းအရှည်ကြီးနဲ့ တန်းစီစောင့်ဆိုင်းဝယ်ယူ နေရတာ ဖြစ်တယ်လို့ ဆိုပါတယ်။

ရန်ကုန်မြို့က စက်သုံးဆီ အရောင်းဆိုင်အချို့မှာတော့ စက်သုံးဆီဝယ်ယူဖို့ ကားတန်းအရှည်ကြီးဟာ နှစ်ထပ်၊ သုံးထပ်နဲ့ ရပ်ပြီး ဝယ်ယူနေရသလို စက်သုံးဆီ ရရှိရေးအတွက် ညအိပ်စောင့်ဆိုင်းပြီး ဝယ်ယူရတာ ရှိတယ် လို့လည်း ရန်ကုန်မြို့က အငှားယာဉ်မောင်းတစ်ယောက်က ပြောပါတယ်။

စက်သုံးဆီရရှိရေးအတွက် ကားတွေ အချိန်ကြာမြင့်စွာ တန်းစီစောင့်ဆိုင်းပြီး မကြာခဏဝယ်ယူနေရတဲ့အပေါ် သက်ဆိုင်ရာ တာဝန်ရှိသူတွေအနေနဲ့ အမြန်ဆုံး ဖြေရှင်းဆောင်ရွက်ဖို့ လိုအပ်တယ်လို့လည်း မြောက်ဥက္က လာပမြို့နယ်မှာ နေထိုင်တဲ့ ပြည်သူတစ်ယောက်က ပြောပါတယ်။

ဩဂုတ် ၁၄ ရက် ရန်ကုန်မြို့ရဲ့ စက်သုံးဆီရည်ညွှန်းဈေးနှုန်းတွေအနေနဲ့ အောက်တိန်း 92 တစ်လီတာ ၂၇၅၀ ကျပ်၊ အောက်တိန်း 95 တစ်လီတာ ၂၈၉၀ ကျပ်၊ ရိုးရိုးဒီဇယ်တစ်လီတာ ၂၄၅၀ ကျပ်နဲ့ ပရီမီယမ်ဒီဇယ် တစ်လီ တာ ၂၉၄၅ ကျပ် သတ်မှတ်ထားပါတယ်။