ရန်ကုန်မြို့မှာ စက်သုံးဆီဝယ်ယူဖို့အတွက် ဆီဆိုင်တွေမှာအချိန်ကြာမြင့်စွာ တန်းစီစောင့်ဆိုင်းနေရတာကြောင့် ယာဉ်မောင်းတွေအခက်အခဲဖြစ်ပေါ်နေတယ်လို့ ရန်ကုန်မြို့က အငှားယာဉ်မောင်းအချို့ကပြောပါတယ်။
ရန်ကုန်မြို့က စက်သုံးဆီအရောင်းဆိုင်အချို့မှာတော့ စက်သုံးဆီဝယ်ယူဖို့ ကားတန်းအရှည်ကြီးတွေ နှစ်ထပ်၊ သုံးထပ်နဲ့ ရပ်ပြီးဝယ်ယူနေရသလို စက်သုံးဆီရရှိရေးအတွက် ညအိပ်စောင့်ဆိုင်းပြီး ဝယ်ယူနေရတာဖြစ်ပါတယ်။

စက်သုံးဆီဝယ်ယူဖို့အတွက် ည ၂ နာရီအချိန်လောက်ကတည်းကတန်းစီးနေတာဖြစ်ပြီး ကားကလည်း ဆီမရှိတော့ ဆီမပေးမချင်း စောင့်နေရသလို စက်သုံးဆီရမှသာ စားဝတ်နေရေးကအဆင်ပြေမှာဖြစ်တယ်လို့ ရန်ကုန်မြို့က ယာဉ်မောင်းအချို့က ပြောပါတယ်။
ဒါ့အပြင် ရန်ကုန်မြို့ရှိ စက်သုံးဆီဆိုင်အချို့မှာလည်း စက်သုံးဆီမရရှိတဲ့အတွက် အရောင်းပိတ်ထားရပြီး သီလဝါမှာစက်သုံးဆီတွေ ထုတ်ယူနေတဲ့အတွက် ဆီဘောက်ဆာယာဉ်တွေရောက်ရှိမှသာ ပြန်လည်ရောင်းချနိုင်မှာဖြစ်တယ်လို့သိရပါတယ်၊၊