စက်သုံးဆီအရည်အသွေး ပြည့်မီမှန်ကန်မှု ရှိစေရေးအတွက် နိုင်ငံတစ်ဝန်းရှိ စက်သုံးဆီအရောင်းဆိုင် ၉၀၀ ကျော်ကို စစ်ဆေးသွားမယ်လို့ စွမ်းအင်ဝန်ကြီးဌာန၊ ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာနကနေ သိရပါတယ်၊၊
လက်ရှိမှာတော့ အခုနှစ် ဧပြီလ၊ မေလနဲ့ ဇွန်လအထိ စက်သုံးဆီအရောင်းဆိုင်စုစုပေါင်း ၃၄၅ ဆိုင်ကို အရည်အသွေးနဲ့ အခြင်အတွယ် စစ်ဆေးတာတွေ ဆောင်ရွက်ပြီး ဖြစ်တယ်လို့ ဆိုပါတယ်။
အဲဒီလို စစ်ဆေးဆောင်ရွက်ရာမှာ ဌာနပိုင် Mobile Fuel Lab ယာဉ်တွေနဲ့ စက်သုံးဆီအရောင်းဆိုင်တွေကို ရှောင်တခင် ဝင်ရောက်စစ်ဆေးနေတာ ဖြစ်တယ်လို့ ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာနက တာဝန်ရှိသူ တစ်ယောက်က ပြောပါတယ်။

ပြည်သူတွေအနေနဲ့ စက်သုံးဆီတွေ ဝယ်ယူသုံးစွဲရာမှာ အရည်အသွေး စံချိန်စံညွှန်းကိုက်ညီမှုနဲ့ အခြင်အတွယ် ပြည့်မီမှန်ကန်မှုရှိစေရေးအတွက် အခုလို စစ်ဆေးတာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်မှာတော့ နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးအတွင်းမှာရှိတဲ့ စက်သုံးဆီ အရောင်းဆိုင်ပေါင်း ၂၆၁ ဆိုင်ကို အရည်အသွေးနဲ့ အခြင်အတွယ် စစ်ဆေးတာတွေ ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။