စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက ဩဂုတ်၂ ရက်အတွက် စက်သုံးဆီရည်ညွှန်းဈေးတွေကို ထုတ်ပြန်ရာမှာ အရင်နေ့ကထက် ဈေးတွေမြင့်တက်လာတာကိုတွေ့ရပါတယ်။
ဩဂုတ် ၂ ရက်အတွက် ရန်ကုန်မြို့ စက်သုံးဆီရည်ညွှန်းဈေးတွေအနေနဲ့ အောက်တိန်း 92 တစ်လီတာ ၂၇၇၀ ကျပ်၊ အောက်တိန်း 95 တစ်လီတာကို ၂၈၉၅ ကျပ်၊ ရိုးရိုးဒီဇယ်တစ်လီတာကို ၂၄၅၀ ကျပ်၊ ပရီမီယံဒီဇယ် တစ်လီ တာကို ၂၉၂၀ ကျပ် သတ်မှတ်ထားပါတယ်။

ဒီဈေးနှုန်းတွေဟာ အရင်နေ့ကဈေးနှုန်းတွေနဲ့ ယှဉ်ကြည့်မယ်ဆိုရင် အောက်တိန်း 92 တစ်လီတာကို ၁၄၀ ကျပ်၊ အောက်တိန်း 95 တစ်လီတာကို ၁၄၅ ကျပ်၊ ရိုးရိုးဒီဇယ်တစ်လီတာကို ၈၅ ကျပ်၊ ပရီမီယံဒီဇယ်တစ်လီတာကို ၁၅၀ ကျပ် ဈေးမြင့်တက်သွားတာပါ။
လက်ရှိမှာတော့ ရန်ကုန်၊ မန္တလေးအပါအဝင် မြို့ကြီးတွေမှာ စက်သုံးဆီကို တန်းစီစောင့်ဆိုင်း ဝယ်ယူနေရတာကိုလည်းတွေ့ရပါတယ်။ ပြည်တွင်းစက်သုံးဆီဖူလုံမှုရှိစေဖို့နဲ့ ပြတ်လပ်မှုမရှိစေဖို့အတွက် သီလဝါသိုလှောင်ကန်တွေမှာ လာမယ့်ဩဂုတ်လ ဒုတိယပတ်အကုန်ထိ စက်သုံးဆီဖူလုံစွာ သုံးစွဲနိုင်ရေး ကြိုတင်သိုလှောင်ဖြန့်ဖြူးထားပြီး ဆီတင်သင်္ဘောတွေလည်း ဝင်ရောက်နေတယ်လို့ စွမ်းအင်ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။