တိုင်းဒေသကြီးနဲ့ပြည်နယ်တွေကို စက်သုံးဆီတွေ အရင်ကထက်ပိုမိုပို့ဆောင်ဖြန့်ဖြူးနိုင်ရေး စီမံဆောင်ရွက်နေတယ်လို့ နစကသတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။ ဆီသယ်ယာဉ်မရောက်မီ ကာလအတွင်း စက်သုံးဆီအမယ်အချို့ အချိန်ပိုင်းပြတ်လပ်မှုတွေဖြစ်ပေါ်ခဲ့တာကြာင့် နေပြည်တော်၊ ရန်ကုန်နဲ့ မန္တလေးမြို့တွေမှာ ယာဉ်တန်းစီဝယ်ယူမှု များပြားနေတာကိုလျော့နည်းကျဆင်းစေဖို့အတွက် ပုံမှန်ဖြန့်ဖြူးပေးတာအပြင် လိုအပ်တဲ့ဆိုင်တွေကို အရေးပေါ်ထပ်မံတိုးမြှင့် ဖြည့်တင်းဖြန့်ဖြူးပေးနေတယ်လို့ ဆိုပါတယ်။
အဲဒီအပြင် တိုင်းဒေသကြီး/ပြည်နယ်တွေကိုခွဲဝေတဲ့ စက်သုံးဆီခွဲတမ်း(PO)တွေ အမြန်ထုတ်ယူနိုင်ရေးနဲ့ အရောင်းဆိုင်တွေအတွက် စက်သုံးဆီဝယ်ယူခွင့်ပြုနေတဲ့ စက်သုံးဆီတွေကိုလည်း စဉ်ဆက်မပြတ်ထုတ်ယူနိုင်ဖို့ ဆောင်ရွက်တာအပြင် Terminal တွေက သက်ဆိုင်ရာအရောင်းဆိုင်တွေကို ပို့ဆောင်ဖြန့်ဖြူးမယ့် ဆီတင်ယာဉ်တွေ အချိန်မီပို့ဆောင်ဖြန့်ဖြူးနိုင်ရေး နေ့ညမပြတ်ကြီးကြပ်ကွပ်ကဲစီမံဆောင်ရွက်နေတယ်လို့လည်း ထုတ်ပြန် ချက်မှာဖော်ပြထားပါတယ်။

ပြည်တွင်းမှာ စက်သုံးဆီဖူလုံစွာသုံးစွဲနိုင်ရေး စီမံဆောင်ရွက်နေတဲ့ကာလအတွင်း ပြည်ပမှဆီတင်သင်္ဘောတွေ စဉ်ဆက်မပြတ်ဝင်ရောက်နိုင်ရေးအတွက်လည်း စီစဉ်ဆောင်ရွက်နေတာကြောင့် အများပြည်သူတွေအနေနဲ့ မလိုအပ်ဘဲစက်သုံးဆီဝယ်ယူသိုလှောင်တာ၊ တန်းစီထုတ်ယူပြီး ဈေးနှုန်းမြှင့်တင် တစ်ဆင့်ပြန်ရောင်းတာမပြုလုပ်ဖို့နဲ့ တန်းစီဝယ်ယူမှုတွေ ပပျောက်ရေးအတွက် အနီးကပ်ကြီးကြပ်ဆောင်ရွက်နေတယ်လို့လည်း ထုတ်ပြန်ထားပါတယ်။