ဂျပန်ကုမ္ပဏီ ၄၅၀ ကျော်က မြန်မာလုပ်သား ၁၅၀၀ လောက် ခေါ်ယူဖို့အတွက် အလုပ်ကမ်းလှမ်းစာတွေ ပေးပို့ ထားတယ်လို့ ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံရုံးက ထုတ်ပြန်ထားပါတယ်။ ဂျပန်ကုမ္ပဏီ ၄၅၀ ကျော်က မြန်မာ အလုပ်သမား အမျိုးသား ၃၁၀ ကျော်၊ အမျိုးသမီး ၁၁၀၀ ကျော် စုစုပေါင်း ၁၅၀၀ ကျော် ခေါ်ယူသွားမှာ ဖြစ်တယ် လို့ ဆိုပါတယ်။

တိုကျိုမြို့ရှိ မြန်မာသံရုံးအနေနဲ့ မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနကတစ်ဆင့် အလုပ်သမားဝန်ကြီးဌာနက ပေးပို့လာတဲ့ အလုပ်ကမ်းလှမ်းစာတွေကို စိစစ်ဆောင်ရွက်ပေးနေပါတယ်။ အဲဒီလို ဆောင်ရွက်ရာမှာ ဂျပန်နိုင်ငံက အလုပ်သမား ကြီးကြပ်ရေးကုမ္ပဏီနဲ့ အလုပ်ခေါ်ယူတဲ့ စက်ရုံ၊ ကုမ္ပဏီတွေဟာ ဂျပန်နိုင်ငံမှာ တရားဝင် တည်ထောင်ထားတာ ရှိမရှိ၊ စာရွက်စာတမ်းအထောက်အထားတွေ စိစစ်ပြီး တွေ့ရှိရတဲ့ စိစစ်တွေ့ရှိချက်တွေ၊ သဘောထားမှတ်ချက်တွေကို နိုင်ငံခြားရေးဝန်ကြီးဌာနကတစ်ဆင့် အလုပ်သမားဝန်ကြီးဌာနကို ပြန်လည်ပေးပို့ နေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၅ ရက်ကလည်း ဂျပန်ကုမ္ပဏီ ၃၀၀ ကျော်က မြန်မာလုပ်သား အမျိုးသား ၂၀၀ ကျော်နဲ့ အမျိုးသမီး ၇၃၀ ကျော် စုစုပေါင်း အလုပ်သမားဦးရေ ၉၀၀ ကျော် ခေါ်ယူဖို့ အလုပ်ကမ်းလှမ်းစာ ပေးပို့ခဲ့ပါ သေးတယ်။