အခု ၂၀၂၅ ခုနှစ် ဇန်နဝါရီလအတွင်း မြန်မာနိုင်ငံကို ကုန်သေတ္တာတင်သင်္ဘော ၆၂ စင်း ဝင်ရောက်ဖို့ ရှိတယ်လို့ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်က သိရပါတယ်။ ဒီလိုဝင်ရောက်ရာမှာ SITC SHIPPING LINE က သင်္ဘော ၁၃ စင်းနဲ့ အများဆုံးဝင်ရောက်မှာဖြစ်ပြီး COSCO SHIPPING LINE က သင်္ဘော ၉ စင်း ၊ SAMUDERA SHIPPING LINE နဲ့ MAERSK A/S သင်္ဘောလိုင်းတွေက ၆ စင်းစီ ဝင်ရောက်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်အတွင်းကတော့ မြန်မာနိုင်ငံကို ကုန်သေတ္တာတင်သင်္ဘော အစင်းရေ ၆၃၃ စင်းအထိ ဝင်ရောက်ခဲ့ပြီး ၂၀၂၃ ခုနှစ်နဲ့ နှိုင်းယှဉ်ရင် ကုန်တင်သင်္ဘော ၄ စင်း ပိုမိုဝင်ရောက်ခဲ့ပါတယ်။ရန်ကုန်မြစ်အတွင်းမှာ ရေလမ်းကြောင်းသစ် Kings Bank Channel ကို တွေ့ရှိခဲ့ပြီးနောက် ရန်ကုန်ဆိပ်ကမ်းတွေ ကို အရင်ထက် ပိုကြီးမားတဲ့သင်္ဘောတွေ ဝင်ရောက်ဆိုက်ကပ်လာနိုင်ပြီဖြစ်တယ်လို့ မြန်မာ့ဆိပ်ကမ်းအာဏာပိုင် က ၂၀၂၃ ခုနှစ် ဇွန်လထဲမှာ ထုတ်ပြန်ထားပါတယ်။

ပြည်ပကနေ ပင်လယ်ရေကြောင်းကတစ်ဆင့် အထည်အလိပ်ကုန်ကြမ်းတွေနဲ့ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်း တွေ တင်သွင်းနေပြီး လယ်ယာထွက်ကုန်၊ ရေထွက်ကုန်နဲ့ သစ်တောထွက်ပစ္စည်းတွေ ပြန်တင်ပို့နေတာပဲ ဖြစ်ပါတယ်။