မြန်မာနိုင်ငံကထွက်ရှိတဲ့ ဟင်းသီးဟင်းရွက်၊ အသားနဲ့ အသားထုတ်ကုန်တွေ အပါအဝင် ကုန်စည်အမျိုးအစား ၁၈ မျိုးကို တရုတ်အကောက်ခွန် အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့(GACC)မှာ မှတ်ပုံတင်ရမယ်လို့ မြန်မာ ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့က သိရပါတယ်။ GACC မှာ မှတ်ပုံတင်ခွင့်ရမယ့် ကုန်စည်တွေကတော့ အသားနဲ့ အသားထုတ်ကုန်၊ ရေထွက်ကုန်၊ နို့ထွက်ပစ္စည်း၊ ငှက်သိုက်နဲ့ ဆက်စပ်ထုတ်ကုန်တွေ၊ အစာသွပ်တာမှာ အသုံးပြု တဲ့ အပေါ်ခွံ၊ ပျားရည်နဲ့ ပျားထွက်ပစ္စည်း ၊ ဥနဲ့ဥထုတ်ကုန်တွေ၊ စားသုံးဆီအပြင် အသားကို ဂျုံသားနဲ့ ပြုလုပ်ထား ပြီး စားသုံးနိုင်တဲ့ ဒါမှမဟုတ် အေးခဲထားတဲ့ ထုတ်ကုန်တွေ ဖြစ်ပါတယ်။

ဒီအပြင် စားသုံးနိုင်တဲ့အစေ့အဆံတွေ၊ ကြိတ်ခွဲသီးနှံထွက်ကုန်တွေနဲ့ မုယောစပါး၊ လတ်ဆတ်တဲ့ ဟင်းသီး ဟင်းရွက်တွေနဲ့ ရေဓာတ်ထုတ်ထားတဲ့ဟင်းသီးဟင်းရွက်တွေ၊ ပဲမျိုးစုံ၊ ဟင်းခတ်အမွှေးအကြိုင်၊ အခွံမာသီးနဲ့ အစေ့အဆန်၊ သစ်သီးခြောက်၊ မလှော်ထားတဲ့ ကော်ဖီစေ့နဲ့ ကိုကိုးစေ့ ၊ အထူးအာဟာရ အစားအသောက်၊ ကျန်းမာရေး ဖြည့်စွက်စာတွေ ပါဝင်ပါတယ်။၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့ကစပြီး မြန်မာနိုင်ငံကနေ တရုတ်နိုင်ငံကို စားသောက်ကုန်တင်ပို့တဲ့ လုပ်ငန်း ရှင်တွေ အနေနဲ့ GACC မှာ မှတ်ပုံတင်ပြီးမှသာ တင်ပို့ခွင့်ပြုနေတာပါ။

ကုန်စည်အုပ်စုအလိုက် GACC မှာ မှတ်ပုံတင်နိုင်ဖို့အတွက် စိုက်ပျိုးရေးဦးစီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီး ဌာန၊ ငါးလုပ်ငန်းဦးစီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတို့နဲ့ ချိတ်ဆက်ဆောင်ရွက်ရမှာဖြစ်ပါ တယ်။ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက်နေ့ကနေ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၃ ရက်နေ့အထိ GACC မှာ မှတ်ပုံတင် လျှောက်ထားဖို့အတွက် ကုမ္ပဏီ၊ စက်ရုံ ၁၆၅၀ ခုက ပေးပို့ထားတဲ့ စောင်ရေစုစုပေါင်း ၃၃၅၈ စောင် ရှိတယ်လို့ မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့က သိရပါတယ်။