လက်ရှိကားဈေးကွက်အခြေအနေဟာ လွန်ခဲ့တဲ့ ၂ လလောက်ကထက် အရောင်းအဝယ်ကျနေတယ်လို့ မြန်မာ့မော်တော်ယာဉ်ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေးလုပ်ငန်းရှင်များအသင်း အထွေထွေအတွင်းရေးမှူး ဦးကျော်စွာထွန်းမြင့်က ပြောပါတယ်။
အောက်တိုဘာ၅ရက်က ရန်ကုန်မြို့၊ Lotteဟိုတယ်မှာ ကျင်းပတဲ့ (၁၆)ကြိမ်မြောက် အိမ်ခြံမြေနှင့်ကားအရောင်းပြပွဲမှာ ဦးကျော်စွာထွန်းမြင့်က အခုလိုပြောကြားလိုက်တာပါ။
ကားဈေးတွေက ကျတဲ့ကားကျသလို တချို့မကျသေးတဲ့ ကားတွေလည်း ရှိပေမယ့် လက်ရှိကားဈေးကွက်ကို အားလုံးခြုံပြီးပြောရရင်တော့ ကျတယ်လို့ပဲ ပြောရမှာဖြစ်တယ်လို့ ဦးကျော်စွာထွန်းမြင့်က ပြောပါတယ်။
ကားဈေးကွက်ထဲမှာ လူစီးကားတွေဖြစ်တဲ့ EV နဲ့ ICE ကား အမျိုးအစားတွေကတော့ အရောင်းအဝယ်ပိုဖြစ်ကာ EV ကားတွေကတော့ မြို့ပြတွေမှာ အဝယ်များလာတယ်လို့ ဆိုပါတယ်။

ကားဈေးကွက်ထဲမှာ အနိမ့်ဆုံး ဈေးနှုန်းအနေနဲ့ ငွေကျပ် သိန်း ၅၀၀ မှ သိန်း ၁၀၀၀ ကြားကားတွေက အရောင်းအဝယ်ဖြစ်ဖို့ လွယ်ကူနေတယ်လို့ သိရပါတယ်။
ကားဈေးကွက်ထဲမှာ အချို့ကားတွေသာဈေးကျနေတာဖြစ်ပြီး အချို့သောကားတွေကတော့ ဈေးကျတာမျိုး မရှိတဲ့အတွက် လာမယ့်သီတင်းကျွတ်ကာလမှာလည်း ကားဈေးကွက်ဟာ အခုလက်ရှိ ပုံစံနဲ့သာ အရောင်းအဝယ်ဖြစ်နေမှာဖြစ်တယ်လို့ ဦးကျော်စွာထွန်းမြင့်ရဲ့ ပြောကြားချက်အရသိရပါတယ်။