တနင်္သာရီတိုင်းဒေသကြီးမှာ ဖွဲ့စည်းပြီး ဒီရေတောကြိုးပြင်ကာကွယ်တော (၂၃)ခုရှိကာ ဧရိယာအကျယ်အဝန်း အနေနဲ့ ဧက နှစ်သိန်းကျော် ရှိတယ်လို့ တနင်္သာရီတိုင်းဒေသကြီး သစ်တောဦးစီးဌာနက ညွှန်ကြားရေးမှူး ဦးဝင်းနိုင်က နိုင်ငံပိုင် သတင်းဌာနက တစ်ဆင့် ဖြေကြားထားပါတယ်။

အဲဒီအပြင် တနင်္သာရီတိုင်းဒေသကြီးမှာ ဖွဲ့စည်းပြီး အဏ္ဏဝါအမျိုးအစားဥယျာဉ် တစ်ခုလည်း ရှိပြီး ဧရိယာဧက ငါး သောင်းကျော် ရှိတယ်လို့ ဆိုပါတယ်။ဒီရေတောကြိုးပြင်ကာကွယ်တောဖွဲ့စည်းသတ်မှတ်တာဟာ ဒီရေတော ဂေဟစနစ်တွေ ရေရှည်တည်တံ့စေဖို့၊ ဇီဝ မျိုးစုံ မျိုးကွဲတွေ ကြွယ်ဝစေဖို့၊ လှိုင်းဒဏ် လေမုန်တိုင်းဒဏ် ကာကွယ်နိုင်ဖို့၊ ရာသီဥတု ပြောင်းလဲမှုတွေကို ထိန်းသိမ်းနိုင်ဖို့၊ ရေထွက်ကုန်တွေ ထုတ်ယူသုံးစွဲနိုင်ဖို့နဲ့ ကမ်းရိုးတန်းဒေသ ဖွံ့ဖြိုးတိုးတက်စေဖို့ ရည်ရွယ်ပြီး ဆောင်ရွက်တာ ဖြစ်ပါတယ်။

တနင်္သာရီတိုင်းဒေသကြီးမှာ သစ်တောဦးစီးဌာနအနေနဲ့ တစ်နှစ်ကို ဒီရေတော ဧက ၅၀ စိုက်ပျိုးပြီး NGO အဖွဲ့ အစည်းတစ်ခုကလည်း ဘုတ်ပြင်းမြို့နယ်မှာ ဒီရေတောတွေ စိုက်ပျိုးထားတာ ရှိတယ်လို့ ညွှန်ကြားရေးမှူး ဦးဝင်းနိုင်က ပြောပါတယ်။သစ်တောဦးစီးဌာနအနေနဲ့ လာမယ့် (၂၀၃၀)ပြည့်နှစ်မှာ နိုင်ငံတစ်ဝန်း ဧရိယာရဲ့ ၃၀ ရာခိုင်နှုန်းကို ဒီရေတော ကြိုးဝိုင်း/ ကြိုးပြင်ကာကွယ်တောတွေ ဖွဲ့စည်းထားရမယ်လို့ နိုင်ငံတကာနဲ့ သဘောတူညီထားတာ ရှိတဲ့အတွက် တိုးချဲ့ ဖွဲ့စည်းသတ်မှတ်ဖို့ ဆောင်ရွက်နေတယ်လို့လည်း သိရပါတယ်။