မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ ကြို့ဝန်းကြီးကျေးရွာအုပ်စုရှိ တယ်ဘိုကန်ကိုပြုပြင်ပေးဖို့ ဇွန်လ(၉)ရက်မှာ ပြုလုပ်တဲ့ တတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး တတိယနေ့မှာ စလင်း မြို့နယ် မဲဆန္ဒနယ်အမှတ်(၁)က တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြိုင်က ကြယ်ပွင့်ပြမေးခွန်း အနေနဲ့မေးမြန်းခဲ့တယ်လို့ဆိုပါတယ်။

အဲဒီ တယ်ဘိုကန်ကန်ဟာ နှစ်ပေါင်း၇၀ ဝန်းကျင်သက်တမ်းရှိပြီး တယ်ဘိုကန်ကျေးရွာအပါအဝင် ရွာ ၅ ရွာမှာရှိတဲ့ လယ်ဧက၂၂၀ ကို စိုက်ပျိုးရေပေးဝေနိုင်တဲ့ကန်တစ်ခုဖြစ်ပါတယ်။တယ်ဘိုကန်ကို ပြန်လည်ပြုပြင်ရာမှာ မြန်မာငွေကျပ် သန်း(၈၀)ခန့် ကုန်ကျမှာဖြစ်ပြီး နီးစပ်ရာဘဏ္ဍာရေးနှစ်မှာ တင်ပြတောင်းခံသွားမှာဖြစ်တယ်လို့လည်း စလင်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)မှ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြိုင်ရဲ့မေးမြန်းမှုအပေါ် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဝန်ကြီး ဦးအောင်နိုင်က ပြန်လည်ဖြေကြားခဲ့ပါတယ်။(Direct Code)

တတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး တတိယနေ့ကို ဇွန်လ၉ရက်နေ့က တိုင်းဒေသကြီးလွှတ်တော်ရုံး အစည်းအဝေးခန်းမမှာ ကျင်းပပြုလုပ်ခဲ့တာပါ။ အဲဒီအစည်းအဝေးမှာ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်တွေက ကြယ်ပွင့်ပြမေးခွန်း၆ခုကို မေးမြန်းခဲ့ပြီး သက်ဆိုင်ရာဝန်ကြီးတွေက ပြန်လည် ရှင်းလင်းဖြေကြားခဲ့ကြပါတယ်။



