Grade-9 ပြီးမြောက်အောင်မြင်တဲ့ ကျောင်းသားကျောင်းသူတွေအတွက် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်မှာ အခြေခံ ပညာနဲ့ စက်မှု ၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်း (၈၉)ကျောင်း ဖွင့်လှစ်သင်ကြားပေးသွားမယ်လို့ ကျောင်းပြင်ပနှင့် တစ်သက်တာ ပညာရေးဦးစီးဌာနက သိရပါတယ်။

တက်ရောက်လိုတဲ့ ကျောင်းသား၊ ကျောင်းသူတွေအနေနဲ့ ကျောင်းဝင်ခွင့် လျှောက်ထားတာကို မေ ၂၂ ရက်ကနေ ဇွန် ၁ ရက်အထိ သတ်မှတ်ထားပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် နောက်ကျခဲ့မယ်ဆိုရင်လည်း လက်ခံ ဆောင်ရွက်ပေးသွားမယ်လို့ ဆိုပါတယ်။သက်ဆိုင်ရာ အထူးပြုဘာသာရပ်အလိုက် လိုအပ်တဲ့ ပြဋ္ဌာန်းစာအုပ်တွေကို ပံ့ပိုးပေးသွားမှာ ဖြစ်ပြီး တက်ရောက် မယ့် ကျောင်းသူ၊ကျောင်းသူတွေအတွက် ပညာသင် ထောက်ပံ့ကြေးအဖြစ် ကျောင်းသားတစ်ယောက်ကို ကျပ်တစ် သောင်းနှုန်းနဲ့ ၁၀ လအတွက် ပံ့ပိုးဆောင်ရွက်ပေးသွားမှာ ဖြစ်တယ်လို့လည်း ကျောင်းပြင်ပနှင့် တစ်သက်တာ ပညာရေး ဦးစီးဌာနက တာဝန်ရှိသူတစ်ယောက်က ပြောပါတယ်။

အခြေခံပညာနဲ့ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်းတွေကိုတော့ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်က စ တင် ဖွင့်လှစ်သင်ကြားပေးနေတာဖြစ်ပြီး အခုပညာသင်နှစ်အတွက် ကျောင်းသား၊ ကျောင်းသူ ဦးရေ ၉၂၀၀ ကျော် ကျောင်းအပ်နှံထားပြီး ဖြစ်တယ်လို့ သိရပါတယ်။ဒါ့အပြင် တက္ကသိုလ်ဝင်စာမေးပွဲကို ဖြေဆိုပြီး မအောင်မြင်ခဲ့သူတွေ တက်ရောက်နိုင်မဲ့ Polytechnic Institute ကိုလည်း ဖွင့်လှစ်ဖို့ စီစဉ်ဆောင်ရွက်နေတယ်လို့ နစကဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မေလ ၂၄ ရက်က ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ရှိ မြို့တော်ခန်းမမှာ ပြည်နယ် အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူတွေ၊ မြို့မိမြို့ဖတွေနဲ့ တွေ့ဆုံရာမှာ ပြောကြားထားပါတယ်။