တိုင်းဒေသကြီးနဲ့ ပြည်နယ်အလိုက် စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ MSME ထုတ်ကုန်တွေ တိုးမြှင့်ထုတ်လုပ်နိုင်ရေး အတွက် စံပြကျေးရွာ၊ စံပြမြို့၊ စံပြခရိုင်တွေ သတ်မှတ်ပြီး ဆောင်ရွက်ဖို့ လိုတယ်လို့ နစကဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။ ဖေဖော်ဝါရီ ၃ ရက်က ပြုလုပ်တဲ့ ပြည်ထောင်စု အစိုးရအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အခုလို ပြောကြားလိုက်တာပါ။

ဒေသအလိုက်ထွက်ရှိတဲ့ ထွက်ကုန်နဲ့ ထုတ်ကုန်တွေကို စံပြဆုတွေ ပေးအပ်နိုင်မယ်ဆိုရင် တခြားဒေသတွေကပါ အတုယူပြီး လိုက်ပါဆောင်ရွက်နိုင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။မြန်မာနိုင်ငံဟာ အာဆီယံနဲ့ ဒေသတွင်းနိုင်ငံတွေထဲမှာ GDP နည်းတဲ့ နိုင်ငံတစ်ခုဖြစ်ပြီး စိုက်ပျိုးမွေးမြူရေးကဏ္ဍ ကြီးမှာပဲ တခြားနိုင်ငံတွေထက် ထုတ်လုပ်မှုစွမ်းရည် အားနည်းနေသေးတာကို တွေ့ရတယ်လို့ ပြောပါတယ်။မွေးမြူရေးကဏ္ဍမှာလည်း အဖြစ်သဘောမျိုးမွေးမြူတာမျိုး မဟုတ်ဘဲ ဇုန်အလိုက် ထိရောက်တဲ့ပမာဏမျိုး မွေးမြူသွားကြဖို့အတွက် ကြပ်မတ်ဆောင်ရွက်ရမယ်လို့လည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။