အသေးစား၊ အငယ်စားနဲ့ အလတ်စားစီးပွားရေး(MSME)လုပ်ငန်းရှင် (၁၀)ယောက်အတွက် ချေးငွေကျပ်သန်း ၂၈၀ ကို ပထမအကြိမ်အဖြစ် ထုတ်ချေးပေးနိုင်တော့မှာဖြစ်တယ်လို့ အသေးစား၊ အငယ်စားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌပြည်ထောင်စုဝန်ကြီးဒေါက်တာ ချာလီသန်းကပြောပါတယ်။
ဩဂုတ်(၂၃)ရက်က စက်မှုဝန်ကြီးဌာန အစည်းအဝေးခန်းမမှာ ကျင်းပပြုလုပ်တဲ့ (MSME)ချေးငွေနဲ့ ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးရေးချေးငွေဆိုင်ရာညှိနှိုင်းအစည်းအဝေးမှာ ပြောကြားခဲ့တာပါ။

MSME ဖွံ့ဖြိုးတိုးတက်ရေးရန်ပုံငွေကို ထူထောင်ထားရာ နိုင်ငံတော်ကမတည်ထောက်ပံ့ငွေ ကျပ်ဘီလီယံ ၁၇၀ ကို ရန်ပုံငွေစာရင်းမှာထည့်သွင်းထားပြီး အဲဒီရန်ပုံငွေအထဲက ငွေကျပ်ဘီလီယံ ၁၅၀ ကို MSME ဖွံ့ဖြိုးတိုးတက်ရေး ချေးငွေအဖြစ် ထုတ်ချေးပေးသွားမှာဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းကပြောပါတယ်။
အဲဒီအပြင် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေကနေလည်း ဆီစက်လုပ်ငန်းရှင် ၃၁ ယောက်ကို ကျပ်သန်း ၃၅၀၀ နီးပါးထုတ် ချေးပေးထားတယ်လို့ဆိုပါတယ်။ ဆီစက်လုပ်ငန်းရှင်တွေကိုထုတ်ချေးဖို့ကျန်ရှိတဲ့ ကျပ် ၄၆ ဘီလီယံကျော်ကိုလည်း မြန်ဆန်မှန်ကန်စွာ ထုတ်ပေးနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ရမှာဖြစ်တယ်လို့လည်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချာလီသန်းကပြောကြားခဲ့ပါတယ်။