မကွေးတိုင်းဒေသကြီးအတွင်းမှာ ဆီထွက်သီးနှံထုတ်လုပ်မှု မြင့်မားရေးအတွက် အထူးဇုန်(၂)ဇုန် သတ်မှတ်ဆောင် ရွက်သွားမှာဖြစ်တယ်လို့ မကွေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနက သိရပါတယ်။

ဒီလိုဆောင်ရွက်ရာမှာ ဇုန်(၁)မှာ မကွေး၊ ချောက်နဲ့အောင်လံခရိုင်၊ ဇုန်(၂)မှာ မင်းဘူးနဲ့ သရက်ခရိုင်တို့ ပါဝင်ပြီး အဲဒီဇုန်နှစ်ခုကို ခရိုင်(၅)ခရိုင်အတွင်းက မြို့နယ်(၁၇)မြို့နယ်မှာ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ အဲဒီဇုန်တွေထဲမှာ ဆီထွက်သီးနှံစုစုပေါင်း လျာထားဧက(၂၄)သိန်းကျော်ကို လျာထားဆောင်ရွက်သွားမှာဖြစ်ပြီး မြေပဲ၊ နှမ်းနဲ့နေကြာတွေကို စိုက်ပျိုးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။မိုးဦးကာလမှာ နှမ်းကိုအဓိကထားစိုက်ပျိုးကြပြီး အခုနှစ်မှာ နှမ်းစိုက်ဧက (၁၂)သိန်းကျော် စိုက်ပျိုးသွားမှာ ဖြစ် တယ်လို့ ဆိုပါတယ်။

နှမ်းစိုက်ပျိုးရာမှာလည်း အထွက်နှုန်းမျိုးကောင်းတွေဖြစ်တဲ့ ဆင်းရတနာ(၃)၊ ဆင်းရတနာ (၄) စတဲ့ မျိုးတွေကို အများဆုံး စိုက်ပျိုးကြတာဖြစ်တယ်လို့ သိရပါတယ်။ ဆီထွက်သီးနှံတွေ တစ်ဧက တင်း(၂၀) ထွက်ရှိနိုင်ဖို့အတွက် စိုက်ပျိုးရေးဦးစီးဌာနကနေ မျိုးကောင်းမျိုးသန့် သုံးစွဲနိုင်ရေး၊ မြေဆီလွှာဖွံ့ဖြိုးရေးနဲ့ နည်းပညာပေးရေးတွေကို ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။မကွေးတိုင်းဒေသကြီးမှာ ဆီထွက်သီးနှံတွေအပြင် စပါး၊ ပဲမျိုးစုံ၊ စက်မှုကုန်ကြမ်းသီးနှံ ဝါ နဲ့ တခြားသီးနှံတွေကို စိုက်ပျိုးကြတယ်လို့ သိရပါတယ်။