တောင်သူလယ်သမားတွေအနေနဲ့ အချိန်စေ့ချေးငွေ ပြေကျေမှသာ (အရင်ကြွေးကျန်ကင်းရှင်းမှသာ) ချေးငွေ အသစ် ထုတ်ချေးခွင့်ရရှိမယ်လို့ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က အသိပေးထားပါတယ်။

အရင်ချေးငွေကို အတိုးရော အရင်းပါ အကျေဆပ်ပြီးတဲ့ တောင်သူတွေအတွက် မိုးရာသီစိုက်ပျိုးချိန်အမီ မေလ ၁၉ ရက်ကစပြီး တစ်နှစ်ကို အတိုးနှုန်း ၅ ရာခိုင်နှုန်းနဲ့ သက်ဆိုင်ရာ ခရိုင်နဲ့ မြို့နယ် ဘဏ်ခွဲတွေကတစ်ဆင့် ထုတ်ချေး ပေးနေပြီ ဖြစ်ပါတယ်။ဒါကြောင့် အရင်ကြွေးကျန်ကို အကြေဆပ်ပြီးတဲ့တောင်သူတွေအနေနဲ့ ၂၀၂၅ မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေတွေ ကို အချိန်မီရရှိဖို့အတွက် သက်ဆိုင်ရာဘဏ်ခွဲတွေနဲ့ ဆက်သွယ်ကြဖို့ အသိပေးထားပါတယ်။စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ကနေ နိုင်ငံတစ်ဝန်းလုံးမှာရှိတဲ့ တောင်သူ လယ်သမားတွေအတွက် စိုက်ပျိုးစရိတ်ချေးငွေတွေကို နှစ်စဉ် စိုက်ပျိုးရာသီအလိုက် ထုတ်ချေးပေးနေတာပါ။

တောင်သူလယ်သမားတွေဘက်ကလည်း သီးနှံပေါ်ချိန်မှာ ချေးငွေတွေ အချိန်မီ ပြန်လည်ပေးဆပ်နေကြတာဖြစ် ပါတယ်။မြန်မာနိုင်ငံမှာ စုစုပေါင်းသီးနှံစိုက်ဧရိယာရဲ့ ၄၃ ရာခိုင်နှုန်းခန့်ကို စပါးသီးနှံစိုက်ပျိုးနေပြီး မိုးရာသီမှာ ဧက ၁၅ သန်းခန့်နဲ့ နွေရာသီမှာ ဧက ၂ သန်းကျော် စုစုပေါင်း စပါးစိုက်ပျိုးဧရိယာဧက ၁၇ သန်းခန့် နှစ်စဉ်စိုက်ပျိုးနေ တယ်လို့ သိရပါတယ်။