ကိုဗစ်-၁၉ ချေးငွေအဖြစ် ထုတ်ချေးပေးထားတဲ့ ကျပ် ဘီလီယံ ၂၀၀ ကနေ နိုင်ငံတော်ကို ငွေပြန်လည်ပေးသွင်းမှု ဟာ ကျပ် ၁၁၈ ဘီလီယံ ဖြစ်ပြီး ကျပ် ၈၂ ဘီလီယံကတော့ ပြန်လည်ပေးသွင်းဖို့ ကျန်ရှိနေတယ်လို့ ရင်းနှီးမြှုပ်နှံမှု နှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်ရဲ့ ပြောကြားချက်အရ သိရပါတယ်၊၊

ဇန်နဝါရီလ ၁၆ ရက်က ကျင်းပတဲ့ ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေး သက်ရောက် မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီရဲ့ အစည်းအဝေးမှာ ပြောကြားခဲ့တာပါ။ အစည်းအဝေးမှာတော့ လက်ရှိမှာ ကိုဗစ်-၁၉ ချေးငွေကျပ် ဘီလီယံ ၂၀၀ ကနေ နိုင်ငံတော်ရဲ့ လှည့်ပတ်ရန်ပုံငွေကို ငွေကျပ် ၅၀ ဘီလီယံနဲ့ အထွေအထွေ ပိုလျှံရန်ပုံငွေကနေ ထုတ်ပေးထားတဲ့ ငွေကျပ် ၁၅၀ ဘီလီယံကနေ ငွေကျပ် ၆၈ ဘီလီယံ စုစုပေါင်း ငွေကျပ် ၁၁၈ ဘီလီယံကို ပြန်လည်ကောက်ခံပြီးမှုနဲ့၊ နိုင်ငံတော်ကို ငွေပြန်လည်ပေးသွင်းမှု အခြေအနေ၊ ပြန်လည်ပေးဆပ်ဆဲနဲ့ ပေးဆပ်ရန် ကျန်ရှိနေတဲ့ ချေးငွေတွေကို စီမံခန့်ခွဲမှုနည်းလမ်းတွေနဲ့ ဆောင်ရွက်နိုင်မယ့် အခြေအနေတွေကို ဆွေးနွေးခဲ့ကြပါတယ်။

ဒါ့အပြင် ကိုဗစ်-၁၉ ရန်ပုံငွေကနေ ငါး၊ ပုစွန်မွေးမြူရေးအပါအဝင် မွေးမြူရေးကဏ္ဍကို ထုတ်ပေးထားတဲ့ ချေးငွေ တွေနဲ့ ရုပ်ရှင်၊ ဂီတ၊ သဘင်၊ စာနယ်ဇင်းနဲ့ မီဒီယာကဏ္ဍကို ထုတ်ပေးထားတဲ့ ချေးငွေတွေဟာ ၂၀၂၅ ခုနှစ်အတွင်း ခွင့်ပြုပေးထားတဲ့ ချေးငွေသက်တမ်းပြည့်မြောက်တော့မှာဖြစ်ပြီး ပြန်လည်ပေးဆပ်ဖို့ ကြိုတင်အသိပေး အကြောင်းကြားစာထုတ်ပြန်ရေး ကိစ္စတွေကိုလည်း ဆောင်ရွက်နေခဲ့ကြတယ်လို့ သိရပါတယ်၊၊