ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့နယ်အတွင်းကျရောက်နေတဲ့ ဧရိယာအကျယ်အဝန်း (၇,၀၀၀) ဧကရှိတဲ့ နယ်မြေကို “ မိုင်းဟဲကြိုးပြင်ကာကွယ်တော”အဖြစ်သတ်မှတ်လိုက်ကြောင်း ဩဂုတ်လ(၂)ရက်မှာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာပါတယ်။

၂၀၁၈ ခုနှစ်၊ သစ်တောဥပဒေအရ အပ်နှင်းထားတဲ့လုပ်ပိုင်ခွင့်တွေကိုကျင့်သုံးကာ ဇူလိုင်လ ၂၄ ရက်ကစပြီး အခုလိုသတ်မှတ်လိုက်တာဖြစ်တယ်လို့ ဆိုပါတယ်။ သစ်တောထိန်းသိမ်းရေးလုပ်ငန်းတွေ ပိုမိုထိရောက်စေဖို့၊ ဒေသမျိုးရင်းတိရစ္ဆာန်တွေရဲ့ မူရင်းဒေသတိုးပွားလာစေဖို့နဲ့ ဇီဝမျိုးစုံမျိုးကွဲတွေ ထိန်းသိမ်းဖို့၊ ဒေသခံတွေရဲ့စိုက်ပျိုးရေးနဲ့ သောက်သုံးရေအတွက် သဘာဝရေထွက်တွေ ရေရှည်တည်တံ့စေဖို့၊ ရွှေ့ပြောင်းတောင်ယာလုပ်ငန်းတွေ လျော့နည်းပပျောက်စေဖို့ ရည်ရွယ်ပြီး ဖွဲ့စည်းသတ်မှတ်တာဖြစ်တယ်လို့ဆိုပါတယ်။
အခုလိုသတ်မှတ်လိုက်တာကြောင့် ပေါက်ရောက်နေတဲ့ ပျဉ်းမ၊ စကားစိမ်း၊ ရေမနေ၊ သစ်ချ၊ သစ်အယ်၊ လောက်ယား၊ ဇီးဖြူ၊ ဖက်ဝန်း၊ ရုံး၊ ဖန်ခါး၊ ဒီဒူး၊ အုံတုံ စတဲ့ ဒေသမျိုးရင်းသစ်မျိုးတွေကို ထိန်းသိမ်းနိုင်မှာဖြစ်တယ်လို့ဆိုပါတယ်။ ဒါ့အပြင် နေထိုင်ကျက်စားလျက်ရှိပြီး ရှားပါးတဲ့ဒေသမျိုးရင်း မျောက်ညို၊ ဂျီ၊ တောင်ဆိတ်၊ မျောက်စပ်၊ ဖြူ၊ တောကြောင်၊ တောကြက်၊ ရစ်၊ ဒေါင်းအမျိုးမျိုး၊ ငှက်အမျိုးမျိုး၊ လိပ်စတဲ့ တောရိုင်းတိရစ္ဆာန်တွေ ကျက်စားရာဒေသ တိုးပွားလာနိုင်တာအပြင် မှီတင်းနေထိုင်ကြတဲ့ တောရိုင်းတိရစ္ဆာန်တွေရဲ့ ဂေဟစနစ်ကိုလည်း ထိန်းသိမ်းနိုင်မှာဖြစ်ပါတယ်။
အဲဒီအပြင် သဘာဝရေထွက်စိမ့်စမ်းတွေကို ထိန်းသိမ်းနိုင်မှာဖြစ်သလို သစ်တောဖုံးလွှမ်းမှု ပိုမိုကောင်းမွန်လာပြီး ရာသီဥတုမျှတသာယာတာ၊ ဒေသခံပြည်သူတွေအတွက် သစ်၊ ထင်း၊ ဝါး စတဲ့ သစ်တောထွက်ပစ္စည်းတွေ ပိုမိုရရှိစေနိုင်တာ စတဲ့အကျိုးကျေးဇူးတွေ ရရှိနိုင်မှာဖြစ်တယ်လို့သိရပါတယ်။