သက်သာတဲ့ဈေးနဲ့ ရွှေဘိုနဲ့ဧရာဝတီပေါ်ဆန်းတွေကို ဇွန် ၁၂ ရက်စပြီး ရောင်းချပေးနေတယ်လို့ ရန်ကုန်မြို့ ဝါးတန်းဆန်စပါးကုန်စည်ဒိုင်က တာဝန်ရှိသူတစ်ယောက်က One News ကို ပြောပါတယ်။

ဈေးကွက်မှာ ဖြစ်ပေါ်နေတဲ့ ဆန်ဈေးနှုန်းတွေ တည်ငြိမ်စေဖို့အတွက် ရွှေဘိုနဲ့ဧရာဝတီပေါ်ဆန်းဆန်တွေကို ဝါး တန်းဆန်စပါးကုန်စည်ဒိုင်မှာ အပတ်စဉ် ဗုဒ္ဓဟူးနဲ့ကြာသပတေးနေ့တွေမှာ မနက် ၁၁ နာရီကနေ နေ့လယ် ၃ နာရီ အထိ ရောင်းချပေးမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ရောင်းချပေးရာမှာတော့ ရွှေဘိုပေါ်ဆန်း 10 kg တစ်အိတ်ကို ၃၁၀၀၀ ကျပ်၊ ဧရာဝတီပေါ်ဆန်း 10 Kg တစ်အိတ် ကို ၂၄၀၀၀ ကျပ် သတ်မှတ်ထားပြီး အိမ်ထောင်စုတစ်စုကို ရွှေဘိုပေါ်ဆန်းနဲ့ ဧရာဝတီပေါ်ဆန်း 10 kg တစ်အိတ်စီ ဝယ်ယူနိုင်မှာ ဖြစ်တယ်လို့ ဝါးတန်းဆန်စပါးကုန်စည်ဒိုင် တာဝန်ရှိသူတစ်ယောက်က ပြောပါတယ်။

လတ်တလောမှာတော့ ဝါးတန်း ဆန်စပါးကုန်စည်ဒိုင်မှာသာ ရောင်းချပေးမှာဖြစ်ပြီး နောက်ပိုင်းမှာတော့ အခြား ဆန်စပါးကုန်စည်ဒိုင်တွေမှာလည်း ရောင်းချပေးဖို့ စီစဉ်နေတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အပတ်စဉ် သောကြာနဲ့ စနေနေ့တွေမှာလည်း ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ မြို့နယ်အလိုက် ဈေးကားတွေနဲ့ အလှည့်ကျ လှည့်လည် ရောင်းချပေးသွားမှာဖြစ်ပြီး ရောင်းချပေးရာမှာတော့ ရွှေဘိုပေါ်ဆန်း 10 kg တစ်အိတ်ကို ၃၂၀၀၀ ကျပ်၊ ဧရာဝတီ ပေါ်ဆန်း 10 Kg တစ်အိတ်ကို ၂၅၀၀၀ ကျပ် သတ်မှတ်ထားတယ်လို့ သိရပါတယ်။