အခု ၂၀၂၅ – ၂၀၂၆ ဘဏ္ဍာနှစ်မှာ ပြည်ပကို ပဲမျိုးစုံတန်ချိန် ၁ ဒသမ ၈၃ သန်း တင်ပို့မှာဖြစ်ပြီး ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ ၁ ဒသမ ၄၈ ဘီလီယံဖိုး တင်ပို့နိုင်ဖို့ လျာထားတယ်လို့ မြန်မာနိုင်ငံ ပဲမျိုးစုံ၊ ပြောင်းနဲ့ နှမ်းကုန်သည်များအသင်းက သိရပါတယ်။

အခုဘဏ္ဍာနှစ် ဧပြီလကနေ မေလအထိ နှစ်လအတွင်း ပြည်ပကို ပဲမျိုးစုံတန်ချိန် ၄ သိန်းကျော် တင်ပို့ထားပြီး ဖြစ်ပါတယ်။ ပြည်ပကို နိုင်ငံတကာဈေးကွက်ဝင် ပဲမျိုးစုံတင်ပို့ရာမှာ ဈေးကွက်အသစ်ထက် လက်ရှိတင်ပို့နေတဲ့ ဈေးကွက်တွေကို ပိုမိုတိုးချဲ့နိုင်ဖို့ ကြိုးပမ်း ဆောင်ရွက်နေတယ်လို့ မြန်မာနိုင်ငံ ပဲမျိုးစုံ၊ ပြောင်းနဲ့ နှမ်းကုန်သည် များအသင်း ရဲ့ အကြံပေးပုဂ္ဂိုလ် ဦးစိုးဝင်းမောင်က ပြောပါတယ်။

ပြီးခဲ့တဲ့ ဘဏ္ဍာနှစ်က ပြည်ပကို ပဲမျိုးစုံတန်ချိန် ၂ ဒသမ ၁၄ သန်း တင်ပို့နိုင်ခဲ့ရာ ဝင်ငွေ အမေရိကန် ဒေါ်လာ ၁ ဒသမ ၈၂ ဘီလီယံ ရရှိခဲ့ပြီး ပြည်ပကို ပဲမျိုးစုံတင်ပို့ရာမှာတော့ ပင်လယ်ရေကြောင်းကနေ အဓိက တင်ပို့နေတယ် လို့ သိရပါတယ်။မြန်မာနိုင်ငံကနေ ပဲမျိုးစုံကို အိန္ဒိယနိုင်ငံကို အများဆုံး တင်ပို့နေတာဖြစ်ပြီး တရုတ်နဲ့ ဥရောပသမဂ္ဂနိုင်ငံတွေကို လည်း တင်ပို့နေပါတယ်။ လက်ရှိမှာ ပြည်ပကို မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစင်းငုံ၊ ပဲယင်းနဲ့ ထောပတ်ပဲ စတဲ့ ပဲ အမျိုးအစားပေါင်း ၂၀ လောက် တင်ပို့နေတယ်လို့ သိရပါတယ်။