ပြီးခဲ့တဲ့ ၂၀၂၄- ၂၀၂၅ ဘဏ္ဍာနှစ်အတွင်း ပြည်ပကို အစေ့လွတ်ပြောင်းတန်ချိန် ၂ ဒသမ ၀၆ သန်းကျော် တင်ပို့နိုင်ခဲ့တယ်လို့ မြန်မာနိုင်ငံပြောင်းလုပ်ငန်းအသင်းက သိရပါတယ်။

၂၀၂၃- ၂၀၂၄ ဘဏ္ဍာနှစ်နဲ့ နှိုင်းယှဉ်ရင် တင်ပို့မှုပိုခဲ့ပေမဲ့ အခုနှစ်မှာ အကြောင်းအမျိုးမျိုးကြောင့် ပြောင်း အထွက်ကျနိုင်တဲ့အတွက် တင်ပို့မှုကလည်း လျော့ကျနိုင်တယ်လို့ မြန်မာနိုင်ငံပြောင်းလုပ်ငန်းအသင်းရဲ့ အမှုဆောင်နာယက ဦးမင်းခိုင်က သုံးသပ်ပြောကြားပါတယ်။ အခုဘဏ္ဍာနှစ်အစောပိုင်းမှာတော့ ထိုင်းကို အခွန်ကင်းလွတ်ခွင့်နဲ့ပြောင်းတင်ပို့မှုတွေ စတင်နေပြီဖြစ်ပြီး တင်ပို့နိုင်မှုကတော့ တန်ချိန် သောင်းဂဏန်းဝန်းကျင်လောက်ပဲ ရှိသေးတယ်လို့ သိရပါတယ်။

လက်ရှိမှာ ကမ္ဘာ့ပြောင်းပေါက်ဈေး ကျနေသလို ငွေလဲနှုန်း အပြောင်းအလဲကလည်း သိပ်မရှိတာကြောင့် မြန်မာ့ ပြောင်းဈေးက အကျဈေးနဲ့ ငြိမ်နေတယ်လို့ ပြောင်းဈေးကွက်ကနေ သိရပါတယ်။မြန်မာ့ပြောင်းကို ထိုင်း၊ ဖိလစ်ပိုင်နဲ့ အိန္ဒိယနိုင်ငံတွေကို အဓိကတင်ပို့နေတာပါ။ ရန်ကုန်ဘုရင့်နောင် ကုန်စည်ဒိုင်ရဲ့ စာရင်းတွေအရ ပြောင်းဆန်တစ်တန်ကို အမေရိကန်ဒေါ်လာ ၂၅၅ ဒေါ်လာကနေ ၂၆၅ ဒေါ်လာအကြားရှိနေပြီး ရန်ကုန်ဈေးကွက်မှာတော့ ပြောင်းဆန်လက်ကား တစ်ပိဿာကို ကျပ် ၁၇၀၀ ဝန်းကျင် ပေါက်ဈေး ဖြစ်ပေါ်နေပါတယ်။