အခု ၂၀၂၅- ၂၀၂၆ ဘဏ္ဍာနှစ်မှာ ပြည်ပကို ဆန်နဲ့ ဆန်ကွဲတန်ချိန် ၃ သန်း ပြည့်မီအောင် တင်ပို့နိုင်ဖို့ လျာထား တယ်လို့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က သိရပါတယ်။ပြီးခဲ့တဲ့ ၂၀၂၂- ၂၀၂၃ ဘဏ္ဍာနှစ်က ပြည်ပကို ဆန်နဲ့ဆန်ကွဲတန်ချိန် ၂ ဒသမ ၂၆ သန်း တင်ပို့နိုင်ခဲ့ပြီး ၂၀၂၃ – ၂၀၂၄ ဘဏ္ဍာနှစ်မှာ တန်ချိန် ၁ ဒသမ ၆ သန်း ၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်မှာ ၂ ဒသမ ၄၈၇ သန်း တင်ပို့နိုင်ခဲ့ တယ်လို့ သိရပါတယ်။

အခုဘဏ္ဍာနှစ်မှာတော့ တန်ချိန် ၃ သန်းအထိ ပိုမိုတင်ပို့နိုင်ဖို့ လျာထားတာ ဖြစ်ပါတယ်။ အခုဘဏ္ဍာနှစ် အစော ပိုင်းက ပြည်ပကို ဆန်တင်ပို့ခဲ့ရာမှာ ဖိလစ်ပိုင်၊ တရုတ်၊ စပိန်၊ နယ်သာလန်နဲ့ ပိုလန်နိုင်ငံတွေကို ဆန်တန်ချိန် အများဆုံး တင်ပို့နေပြီး ဆန်ကွဲကိုတော့ ဘယ်လ်ဂျီယံ၊ တရုတ်၊ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ နယ်သာလန်နဲ့ UK နိုင်ငံ တွေကို အများဆုံး တင်ပို့နေပါတယ်။

လက်ရှိမှာ နိုင်ငံတကာဈေးကွက်ကို ဧည့်မထ/ငစိန် အုပ်စုဝင်တွေဖြစ်တဲ့ ဆင်းသုခ၊ သီးထပ်ယဉ်၊ ရတနာတိုး၊ ငစိန် ရာကျော်၊ ကရင်မ၊ ထွန်းပု၊ GW-11 ၊ စောရှုပ်၊ ၇၄၇ ၊ သီးပု၊ နှံကောက်၊ ဇီယာ၊ ငွေတိုး၊ မင်းဧရာ၊ ရွှေမန်း စတဲ့ ဆန်ကြမ်းတွေကို အဓိက တင်ပို့နေတာ ဖြစ်ပါတယ်။အခုဘဏ္ဍာနှစ် နှစ်လအတွင်း နိုင်ငံတကာ ဈေးကွက်တွေကို ဆန်နဲ့ ဆန်ကွဲတန်ချိန် ၄ သိန်းကျော် တင်ပို့ထားပြီ ဖြစ်တယ်လို့လည်း MRF က ဖော်ပြထားတဲ့ အချက်အလက်တွေအရ သိရပါတယ်။