အခုမတ်လအတွက် သတ်မှတ်ထုတ်ပြန်တဲ့ ပြည်ပတင်ပို့တဲ့ ဆန်ကြမ်းအုပ်စုဝင် ဆန်ရည်ညွှန်းဈေးနှုန်း တွေက ဖေဖော်ဝါရီလထက် အနည်းငယ်စီကျဆင်းတာကို တွေ့ရပါတယ်။အခုမတ်လမှာ ပြည်ပတင်ပို့တဲ့ဆန်ကြမ်းအုပ်စုဝင်တွေဖြစ်တဲ့ ဧည့်မထ နဲ့ ငစိန်အုပ်စုဝင်ဆန် ကြမ်းအမျိုးအစားတစ်ချို့ဟာ ဖေဖော်ဝါရီလကထက် ၁၀၈ ပေါင် ၂၄ ပြည် တစ်အိတ်ကို ကျပ် ၂ထောင် ကျဆင်းပါတယ်။

ပြည်ပကိုတင်ပို့သလို ပြည်တွင်းမှာပါစားသုံးမှုရှိတဲ့ အရည်အသွေးသင့်တင့်ကောင်းမွန်တဲ့ဆန်ဈေးနှုန်း တစ်ချို့ကတော့ တစ်အိတ်ကို ကျပ် ၁၀၀၀ ကျဆင်းပြီး ပေါ်ဆန်းအုပ်စုဝင်ဆန်တွေဖြစ်တဲ့ ဧရာဝတီပေါ် ဆန်း ၊ ခွံနီ နဲ့ ပေါ်ကျွဲဆန်တွေကတော့ ဈေးနှုန်းအပြောင်းအလဲမရှိတာကို တွေ့ရပါတယ်။

စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက စားသုံးသူရေးရာဦးစီးဌာနက လစဉ် သင့်တင့်မျှတ တဲ့ ဆန်ရည်ညွှန်းဈေးနှုန်းတွေကို သတ်မှတ်ထုတ်ပြန်ပေးနေတာပါ။အခုလိုလစဉ်ထုတ်ပြန်တဲ့ ဆန်ရည်ညွှန်းဈေးနှုန်းတွေကို စည်းကမ်းချက်တွေနဲ့အညီရောင်းချဖို့ ၊ဈေးနှုန်း မြှင့်တင်ရောင်းချတာ ၊ အရည်အသွေးမမှန်မကန်ရောင်းချရင် အရေးကြီးကုန်စည်နဲ့ဝန်ဆောင်မှုဥပဒေ ပုဒ်မ ၅ နဲ့အညီ အရေးယူဆောင်ရွက်မယ်လို့ သိရပါတယ်။