ထိုင်းနိုင်ငံ စီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက တရုတ်လူမှုမီဒီယာနာမည်ကျော်တစ်ယောက်နဲ့ အတူ အွန်လိုင်းဈေးရောင်းပွဲကနေတစ်ဆင့် ထိုင်းဒူးရင်းသီးနဲ့ တခြားသစ်သီးတွေကို တရုတ်က ဝယ်ယူသူတွေဆီ တင်ပို့မှု မြှင့်တင်နိုင်ဖို့ ဆောင်ရွက်နေတယ်လို့ VnExpress သတင်းမှာ ဖော်ပြထားပါတယ်။

ဒါဟာ တရုတ်နိုင်ငံကို ထိုင်းသစ်သီးတင်ပို့မှု ပမာဏနဲ့ တန်ဖိုးတွေကို စံချိန်ချိုးနိုင်ဖို့ ရည်ရွယ်ထားတာဖြစ်ပါတယ်။ အွန်လိုင်းကနေ တိုက်ရိုက်ရောင်းချပေးသွားမယ့်သူကတော့ လူမှုမီဒီယာပလက်ဖောင်းမှာ follower ၉၃ သန်း ကျော်ရှိတဲ့ တရုတ် influencer Taiyuan ဖြစ်ပါတယ်။ Taiyuan ဟာ ပြီးခဲ့တဲ့နှစ်က ထိုင်းဒူးရင်းသီးတွေကို တစ်ရက်တည်းမှာတင် ထိုင်းဘတ်ငွေ တစ်ဘီလီယံဖိုး ရောင်းချနိုင်ခဲ့တဲသူတစ်ယောက် ဖြစ်ပါတယ်။တရုတ် နာမည်ကျော်တွေနဲ့ အွန်လိုင်းကနေ တိုက်ရိုက်ရောင်းချတာက အထူးသဖြင့် ထိုင်းနိုင်ငံရဲ့ သစ်သီးတင်ပို့ မှုကို မြှင့်တင်ဖို့ အဓိကဗျူဟာတစ်ခုဖြစ်ပြီး ထိုင်းနိုင်ငံအနေနဲ့ စိုက်ပျိုးရေးထွက်ကုန်တွေနဲ့ ဂုဏ်သတင်းကို မြှင့်တင်ဖို့ ပုဂ္ဂလိကအဖွဲ့အစည်းတွေ တရုတ်အွန်လိုင်းပလက်ဖောင်းတွေနဲ့ ပူးပေါင်းဆောင်ရွက်နေတာလည်း ဖြစ်ပါတယ်။

ထိုင်းနိုင်ငံ စီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေးဝန်ကြီးက သီးနှံစစ်ဆေးမှုတွေ လျော့ပေါ့ဖို့နဲ့ နယ်စပ်ဖြတ်ကျော် မှုတွေကို ပိုမိုလွယ်ကူချောမွေ့အောင်ဆောင်ရွက်နိုင်ဖို့ တရုတ်အာဏာပိုင်တွေကို တိုက်တွန်းခဲ့ပြီး အထွက်နှုန်း များတဲ့ကာလမှာ ပိုမိုအဆင်ပြေအောင် တင်ပို့နိုင်ဖို့ စစ်ဆေးရေးကိရိယာတွေနဲ့ဝန်ထမ်းတွေ တိုးမြှင့်ပေးဖို့လည်း တောင်းဆိုခဲ့ပါတယ်။