တရုတ်နိုင်ငံကို နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းကနေ အခု ဇူလိုင်လကနေ ဩဂုတ်လထိ မြန်မာ့နာနတ်သီး တန်ချိန် ၅၀၀ တင်သွင်းနိုင်ဖို့ မျှော်မှန်းထားတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ဇူလိုင် ၁၄ ရက်က ထုတ်ပြန်ပါတယ်။ပြီးခဲ့တဲ့ ရက်ပိုင်းက မြန်မာနိုင်ငံက နာနတ်သီး ၆ ဒသမ ၄ တန်ကို ဝမ်တိန်နယ်စပ်ဂိတ်ကတစ်ဆင့် တရုတ်နိုင်ငံကို တင်ပို့ခဲ့ပြီး ဖြစ်ပါတယ်။

ဒါဟာ ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၁၁ ရက်က မြန်မာ့နာနတ်သီးတွေ တရုတ်နိုင်ငံကို တင်ပို့ခွင့်ရပြီးနောက် ယူနန်ပြည် နယ်ကနေ ပထမဆုံးအကြိမ် သွင်းကုန်အဖြစ် တင်သွင်းခဲ့တာလို့ ဆိုပါတယ်။မြန်မာက တင်ပို့တဲ့ နာနတ်သီးတွေကိုတော့ ကူမင်း၊ ချန်တူး စတဲ့ အနောက်တောင်ပိုင်းရဲ့ အဓိကမြို့ကြီးတွေကို ရောင်းချသွားမှာဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်အရ သိရပါတယ်။ပြည်တွင်းမှာတော့ နာနတ်သီးကို ရှမ်းပြည်နယ်နဲ့ မွန်ပြည်နယ်မှာ အဓိကစိုက်ပျိုးကြပြီး သီပေါမျိုးနဲ့ တရုတ် (တိုင်ပေ)မျိုးတွေကို အဓိက စိုက်ပျိုးနေတာဖြစ်ပါတယ်။လက်ရှိမှာ သရက်သီး ၊ ဖရဲသီး ၊ ရွှေသခွားမွှေး ၊ တရုတ်ဆီးသီး ၊ သမင်မျက်လုံးသီး၊ မင်းဂွတ်သီး၊ ငှက်ပျောသီး၊ နာနတ်သီးအပါအဝင် သစ်သီး ၉ မျိုးလောက်ကို တရုတ်ဈေးကွက်ကို တရားဝင် တင်ပို့နေပါတယ်။