ဗီယက်နမ်နိုင်ငံ စက်မှုနှင့်ကုန်သွယ်ရေးဝန်ကြီးဌာနက မဲခေါင်မြစ်ဝကျွန်းပေါ်ဒေသ သင်ဇိုင်းပြည်နယ်မှာ ကျင်းပပြုလုပ်တဲ့ ညီလာခံတစ်ခုမှာ ဗီယက်နမ်ရဲ့ဆန်တင်ပို့မှုကို ၂၀၃၀ ပြည့်နှစ်အထိ မြှင့်တင်ဖို့အတွက် ဆန်ကုန်သွယ်မှုမြှင့်တင်ရေး စီမံချက်အသစ်တွေ ချမှတ်ခဲ့ပါတယ်။

ညီလာခံအတွင်း အမျိုးသားပို့ကုန်မဟာဗျူဟာကို အရှိန်အဟုန်မြှင့်အကောင်အထည် ဖော်ဆောင်ရွက်ရေးနဲ့ ကုန်သွယ်မှုမြှင့်တင်ရေးကြိုးပမ်းချက်တွေ ခိုင်မာစေဖို့ အစီအမံသစ်တွေချမှတ်ခဲ့ကြောင်း VN Express သတင်းမှာ ရေးသားထားတာပါ။နိုင်ငံတကာကုန်သွယ်မှုကို မြှင့်တင်ဖို့နဲ့ ဆန်စပါးကဏ္ဍရှိ ထောက်ပံ့ရေးနဲ့ ပို့ဆောင်ရေးစည်းမျဉ်းစည်းကမ်းဆိုင်ရာ ကိစ္စရပ်တွေကို ဖြေရှင်းဆောင်ရွက်နေချိန်မှာ ဒေသဆိုင်ရာ အာဏာပိုင်တွေအနေနဲ့ ဆန်စပါးထုတ်လုပ်မှုကို ပြန်လည်ဖွဲ့စည်းဖို့၊ သမဝါယမတွေနဲ့ ဆန်တင်ပို့သူတွေအကြား ကွင်းဆက်ချိတ်ဆက်မှုတွေ ဖွံ့ဖြိုးတိုးတက်စေဖို့ အကြံပြုခဲ့ပါတယ်။စီးပွားရေးလုပ်ငန်းရှင်တွေ၊ ဆန်စပါးကုန်သည်လုပ်ငန်းရှင်တွေအနေနဲ့ ဈေးကွက်အတွင်း လိုအပ်တဲ့အရည်အသွေး၊ စံချိန်စံညွှန်းထိန်းသိမ်းဖို့နဲ့ စက်ကိရိယာတွေ အဆင့်မြှင့်တင်ဖို့၊ ပို့ကုန်ဈေးကွက်တွေ ကွဲပြားစေဖို့နဲ့ သမားရိုးကျ ဝယ်လက်အပေါ် မှီခိုအားထားမှု လျှော့ချဖို့ လိုအပ်ကြောင်းကိုလည်း စက်မှုနှင့်ကုန်သွယ်ရေးဝန်ကြီးဌာနက တိုက်တွန်းပြောကြားထားပါတယ်။

ဒါ့အပြင် ဆန်စပါးကဏ္ဍ ရေရှည်ဖွံ့ဖြိုးတိုးတက်စေဖို့အတွက် ကုန်ကြမ်းဇုန်တွေ ဖွံ့ဖြိုးတိုးတက်စေဖို့၊ စက်ရုံ အဆင့်မြှင့်တင်မှုတွေမှာ ရင်းနှီးမြှုပ်နှံဖို့၊ ထုတ်လုပ်မှုလိုင်းတွေ ခေတ်မီစေဖို့အတွက် စီမံဆောင်ရွက်မှုစွမ်းရည်တွေ မြှင့်တင်ဖို့ လိုအပ်ကြောင်းလည်း အလေးအနက်ထား ပြောကြားခဲ့ပါတယ်။