အခုဧပြီလ တတိယပတ်အတွက် ပြည်ပဈေးကွက်တင်ပို့မယ့် ကြက်သွန်နီအရွယ်အစားအလိုက် တစ်တန်ကို FOB ဈေး အမေရိကန်ဒေါ်လာ ၂၄၀ ကနေ ၃၇၀ အထိ ပေါက်ဈေးသတ်မှတ်ထားပါတယ်။မြန်မာနိုင်ငံ ကြက်သွန်နီ၊ ကြက်သွန်ဖြူနှင့် စားဖိုဆောင်သုံးသီးနှံ စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချ သူများအသင်းက ပြည်ပတင်ပို့မယ့် ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ မန်ကျည်းသီး၊ နနွင်း၊ ငရုတ်အရှည်နဲ့ ချင်းတွေကို ပို့ကုန်လိုင်စင်လျှောက်ထားဖို့အတွက် FOB အဆိုပြုဈေးနှုန်းတွေကို အပတ်စဉ် တွက်ချက် ထုတ်ပြန်ပေးနေတာပါ။

ပြည်ပတင်ပို့မယ့် ကြက်သွန်ဖြူက အရွယ်အစားအလိုက် တစ်တန်ကို FOB ဈေး အမေရိကန်ဒေါ်လာ ၁၀၁၅ ကနေ ၁၂၀၅ ဒေါ်လာအထိ ပေါက်ဈေးရှိပြီး မန်ကျည်းသီးက အမျိုးအစားအလိုက် တစ်တန်ကို အမေရိကန်ဒေါ်လာ ၅၇၅ ကနေ ၁၂၂၅ ဒေါ်လာ၊ နနွင်းကတစ်တန်ကို အမေရိကန်ဒေါ်လာ ၈၁၅ ကနေ ၁၁၄၅ ဒေါ်လာ၊ ငရုတ်အရှည်က တစ်တန်ကို အမေရိကန်ဒေါ်လာ ၁၂၄၅ ကနေ ၁၅၈၅ ဒေါ်လာနဲ့ ချင်း တစ်တန်ကို အမေရိကန်ဒေါ်လာ ၅၃၀ ကနေ ၉၉၅ ဒေါ်လာအထိ ပေါက်ဈေး သတ်မှတ်ထားပါတယ်။လက်ရှိ ပြည်တွင်းမှာရောင်းချနေတဲ့ လက်လီဈေးကွက်ထဲမှာတော့ ကြက်သွန်နီဈေးနှုန်းတွေက အနည်း ငယ်ကျဆင်းတယ်လို့ အိမ်ရှင်မတွေက ပြောပါတယ်။

ဘုရင့်နောင်ကုန်စည်ဒိုင်စာရင်းတွေအရ မတ်လကုန်ပိုင်းက ဆိပ်ဖြူကြက်သွန်နီဟာ အရွယ်အစား အလိုက် လက်ကားတစ်ပိဿာကို ကျပ် ၁၃၀၀ ကနေ ၂၀၀၀ ကြား၊ မြစ်သားတစ်ပိဿာကို ကျပ် ၁၄၀၀ ကနေ ကျပ် ၂၆၀၀ ကြားနဲ့ တောင်တွင်း(အသစ်)တစ်ပိဿာ ကျပ် ၁၁၅၀ ကနေ ကျပ် ၁၈၀၀ ပေါက်ဈေး ရှိခဲ့ပါတယ်။ လက်ရှိမှာတော့ ဆိပ်ဖြူကြက်သွန်နီ လက်ကားတစ်ပိဿာကို ကျပ် ၁၁၀၀ ကနေ ၁၉၀၀ ကြား၊ မြစ်သားတစ်ပိဿာကို ကျပ် ၁၄၀၀ ကနေ ကျပ် ၂၄၀၀ ကြားနဲ့ တောင်တွင်း(အသစ်) တစ်ပိဿာ ကျပ် ၁၁၅၀ ကနေ ကျပ် ၁၇၀၀ ဈေးတန်းကို ကျဆင်းလာပါတယ်။မြန်မာ့ကြက်သွန်နီကို ပြည်ပတင်ပို့မှုအနေနဲ့ စင်ကာပူ၊ ဗီယက်နမ်၊ မလေးရှား၊ ထိုင်း၊ တရုတ်နဲ့ အိန္ဒိယ စတဲ့ နိုင်ငံတွေကို တင်ပို့နေတယ်လို့ သိရပါတယ်။