ရန်ကုန်တိုင်းဒေသကြီးအတွင်း အခုမိုးရာသီမှာ မိုးစပါးဧက ၁ သန်းကျော် စိုက်ပျိုးဖို့ လျာထားပြီး ဇူလိုင်လကုန်အ ထိ ဧက ၁၀ သိန်းကျော် စိုက်ပျိုးပြီး ဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီး စိုက်ပျိုးရေး ဦးစီးဌာနက သိရပါတယ်။

မိုးစပါးကို ဒဂုံမြို့သစ်၊ သန်လျင်၊ တွံတေး ၊မှော်ဘီ၊ လှည်းကူး၊ တိုက်ကြီး၊ မင်္ဂလာဒုံ၊ အင်းစိန်နဲ့အလုံ စတဲ့ ခရိုင် တွေမှာ စိုက်ပျိုးကြပြီး အထွက်နှုန်းကောင်းမျိုးတွေဖြစ်တဲ့ မနောသုခ၊ ဆင်းသုခ၊ ရက် ၉၀၊ ရာကျော်၊ ရွှေဝါထွန်း၊ မှော်ဘီ-၃၊ အောင်နိုင်တိုး မျိုးစပါးအုပ်စုတွေနဲ့ ဒေသမျိုးရင်းတွေဖြစ်တဲ့ ငစိန်၊ မြီးတုံး၊ ကောက်ညှင်း စတဲ့ မျိုးစပါး အုပ်စုတွေကို ပြည်တွင်းစားသုံးမှုနဲ့ ပြည်ပပို့ကုန်အဖြစ် စိုက်ပျိုးထုတ်လုပ်နေတယ်လို့ ဆိုပါတယ်။မိုးစပါးကို ဇူလိုင်လဆန်းကနေ စက်တင်ဘာလကုန်ပိုင်းထိ စိုက်ပျိုးလေ့ရှိကာ သက်တမ်းတို စပါးမျိုးတွေကို အောက်တိုဘာလကုန်နဲ့ သက်ကြီးစပါးတွေကို ဇန်နဝါရီလကုန်မှာ အပြီးသတ် ရိတ်သိမ်းလေ့ရှိတယ်လို့ သိရ ပါတယ်။

မိုးစပါးထက် နွေစပါးကို တောင်သူတွေက ပိုမိုအားထားပေမယ့် မိုးစပါးဟာ ရာသီလိုက် စပါးဖြစ်ပြီး မိုးမပြတ်ရရှိမှု ကြောင့် ထွက်နှုန်းသေချာတဲ့ စပါးအဖြစ် တောင်သူတွေ မဖြစ်မနေ စိုက်ပျိုးတာ ဖြစ်ပါတယ်။အခုနှစ် မိုးစပါးရာသီမှာ စိုက်ပျိုးရေးဦးစီးဌာန(ရေဆင်း)က ထုတ်လုပ်တဲ့ အောင်နိုင်တိုး မျိုးစပါးအသစ်ကို ဧက ၅၀၀၀ အထိ တောင်သူတွေ စိုက်ပျိုးနေပြီး တစ်ဧကကို ပျမ်းမျှ တင်း ၈၀ ကျော် ထွက်ရှိတဲ့အတွက် တောင်သူတွေ စိတ်ဝင်စားတဲ့ မျိုးစပါးအဖြစ် အခုမိုးရာသီမှာ စတင်စိုက်ပျိုးတာ ဖြစ်တယ်လို့ သိရပါတယ်။ရန်ကုန်တိုင်းဒေသကြီးအတွင်း စပါး ဖူလုံမှုအနေနဲ့ ၂၀၂၄ ခုနှစ်က ၁၀၂ ရာခိုင်နှုန်းကျော်ရှိပြီး ၂၀၂၅ ခုနှစ်မှာလည်း ပန်းတိုင်ရည်မှန်းချက်ထက် ပိုမိုတိုးမြှင့်စိုက်ပျိုးနေတယ်လို့ ရန်ကုန်တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနက သိရပါတယ်။