မကွေးမြို့ ပြောင်းဖူးဈေးကွက်ထဲမှာ အရင်နှစ်ကထက် ပြောင်းဖူးတွေ ဈေးကောင်း ရနေတယ်လို့ မကွေးမြို့ ပြောင်းဖူးဝယ်ရောင်းလုပ်ကိုင်သူတွေဆီက သိရပါတယ်။ ဈေးကွက်ထဲမှာတော့ သကြားပြောင်းဖူးနဲ့ ပြောင်းဖူး အစီး နှစ်မျိုးကိုသာ အဓိက အရောင်းအဝယ် ပြုလုပ်နေတာဖြစ်ပြီး ပြောင်းဖူး တစ်ဖူးကို (၅၀၀)ကျပ်ကနေ (၆၀၀) ကျပ်အထိ ဈေးရရှိနေတာပါ။

အရင်နှစ်က ပြောင်းဖူးတစ်ဖူးကို (၂၅၀)ကျပ်ဈေးသာ ရရှိခဲ့ပြီး အခုနှစ်မှာ ဈေးကောင်း ရရှိနေတာဖြစ်တယ်လို့ မကွေးမြို့မှ ပြောင်းဖူးဝယ်ရောင်းလုပ်ကိုင်သူ ဦးကျော်ရွှေက ပြောပါတယ်။ ဈေးကွက်ထဲမှာတော့ ပြောင်းဖူးအစီးထက် သကြားပြောင်းဖူးက ပိုအရောင်းသွက်တယ်လို့ ဆိုပါတယ်။

အခုကာလ ဟာ မကွေးတိုင်းအတွင်းက မြေနုကျွန်း၊ ရေနံချောင်း၊ တောင်တွင်းကြီး၊ စလင်း၊ ပွင့်ဖြူ စတဲ့ နေရာတွေကနေ ပြောင်ဖူးတွေ လှိုင်လှိုင်ထွက်ရှိနေချိန် ဖြစ်ပါတယ်။ အခုနှစ်မှာ ပြောင်းဖူးတွေ ဈေးကောင်းရနေသလို ပြောင်းဖူး စိုက် တောင်သူတွေအနေနဲ့လည်း အထွက်နှုန်း အသင့်အတင့် ကောင်းကြတယ်လို့ သိရပါတယ်။