အခုဇူလိုင်လအတွက် ဆန်ရည်ညွှန်ဈေးနှုန်းတွေ ထုတ်ပြန်ရာမှာ ပြည်တွင်းစားဆန်တချို့ ဈေးအနည်းငယ်မြင့် တက်လာတယ်လို့ စားသုံးသူရေးရာ ဦးစီးဌာနက လစဉ်ထုတ်ပြန်တဲ့ ရည်ညွှန်းဈေးနှုန်းအရ သိရပါတယ်။ပြည်ပတင်ပို့တဲ့ ဧည့်မထအုပ်စုက ဆန်တွေကို အကျိုးအကြေ ရာခိုင်နှုန်းအလိုက် ဆန်တစ်အိတ်ကို ကျပ် ၅၉၀၀၀ ကနေ ၇၁၀၀၀ အတွင်း ရောင်းချဖို့ သတ်မှတ်ထားပါတယ်။ ပြည်ပတင်ပို့သလို ပြည်တွင်းမှာပါ စားသုံးတဲ့ ဆန် အုပ်စုတွေကိုတော့ တစ်အိတ်ကို ကျပ် ၆၈၀၀၀ ကနေ ၇၈၀၀၀ အတွင်းနဲ့ မြန်မာနိုင်ငံ အထက်ပိုင်းက ထွက်ရှိတဲ့ ဧရာမင်း၊ ဧရာပဒေသာ၊ မဂျမ်းတော ဆန်တစ်အိတ်ကို ကျပ် ၁၂၂၀၀၀ ကနေ ၁၃၅၀၀၀ အတွင်း အရောင်းအဝယ် လုပ်ဖို့ သတ်မှတ်ပါတယ်။

ဧရာဝတီ၊ ရန်ကုန်နဲ့ပဲခူးတိုင်းဒေသကြီးတွေက ထွက်ရှိတဲ့ ရွှေသွယ်၊ အညာသား၊ ပခန်း၊ ဆင်းသု ၊ ရက် ၉၀၊ လုံးသွယ်မွှေး၊ မိုး-မနောသုခ၊ ဖန်သီးသုခ၊ ဗျော့ထွန်း၊ မှော်ဘီ -၂၊ မှော်ဘီ-၃၊ ဧရာပဒေသာ၊ ဧရာမင်း စတဲ့ ဆန်တွေ ကိုတော့ ကျပ် ၇၅၀၀၀ ကနေ ၉၉၀၀၀ အတွင်း၊ ဧရာဝတီပေါ်ဆန်းတွေကတော့ ကျပ် ၁၁၃၀၀၀ ကနေ ၁၂၅၀၀၀ အတွင်း၊ ပေါ်ဆန်းအုပ်စုဝင် ခွံနီနဲ့ ပေါ်ကျွဲ တွေကတော့ ကျပ် ၉၀၀၀၀ ကနေ ၁၀၂၀၀၀ အတွင်း၊ ပေါ်ဆန်း အုပ်စုဝင် ဘေးကြားနဲ့ ကြားပျံတွေကတော့ အမျိုးအစားအလိုက် ကျပ် ၁၁၉,၀၀၀ ကနေ ၁၃၅,၀၀၀ အတွင်း သတ်မှတ်ထားပါတယ်။ ရွှေဘိုပေါ်ဆန်းကိုတော့ ကျပ် ၁၃၅၀၀၀ ကနေ ၁၅၅၀၀၀ သတ်မှတ်ထားတာပါ။ဇူလိုင်လအတွက် ထုတ်ပြန်တဲ့ ဆန်ရည်ညွှန်းဈေးတွေဟာ ပြီးခဲ့တဲ့ ဇွန်လ ဆန်ရည်ညွှန်းဈေးနဲ့ နှိုင်းယှဉ်ရင် ပြည်ပ တင်ပို့တဲ့ ဆန်အမျိုးအစားတွေ ဈေးအနည်းငယ် ကျဆင်းခဲ့ပြီး ပြည်တွင်းစားဆန်တချို့မှာတော့ ဆန်သစ်ဈေးနှုန်း တွေ အနည်းငယ်မြင့်တက်လာတာကို တွေ့ရပါတယ်။

ဆန်တွေကို ဈေးကွက်အတွင်းရောင်းချတဲ့အခါ အခုသတ်မှတ်ထားတဲ့ သင့်တင့်မျှတတဲ့ ရည်ညွှန်းဈေးတွေအပေါ် ၈ ရာခိုင်နှုန်းထက် ပိုမရောင်းဖို့ အသိပေးထားပါတယ်။ ပြည်ပပို့ဆန် ဈေးနှုန်းတွေကတော့ နိုင်ငံတကာဈေးကွက် အခြေအနေနဲ့ ငွေလဲနှုန်းတွေပေါ်မူတည်ပြီး အပြောင်းအလဲဖြစ်ပေါ်နိုင်ကာ အပြောင်းအလဲဖြစ်ခဲ့ရင် သတ်မှတ် ရည်ညွှန်းဈေးရဲ့ ၁၀ ရာခိုင်နှုန်းအတွင်း ညှိနှိုင်း ဝယ်ယူရမှာ ဖြစ်ပါတယ်။သတ်မှတ်နှုန်းထားတွေထက် ဈေးနှုန်းမြှင့်တင်ရောင်းချတာနဲ့ အရည်အသွေး မမှန်မကန်ရောင်းချရင် အရေးကြီး ကုန်စည်နဲ့ ဝန်ဆောင်မှုဥပဒေ ပုဒ်မ ၅ နဲ့အညီ အရေးယူဆောင်ရွက်နေတာကြောင့် ဆန်စက်တွေ၊ ဆန်ဆိုင်တွေ၊ ကုန်သည်တွေနဲ့ ဆန်လုပ်ငန်းရှင်တွေအနေနဲ့ လိုက်နာဆောင်ရွက်ဖို့ မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်က အသိပေး ထားပါတယ်။