စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့မှာ မေလ၂၅ ရက်က အချိန်ကြာမြင့်စွာ မိုးရွာသွန်းခဲ့တာကြောင့် ရပ်ကွက်အချို့က နေအိမ်တွေအတွင်း ရေဝင်ရောက်ခဲ့ပြီး မေ ၂၇ ရက် မနက်ပိုင်းက ရေပြန်ကျသွားပေမယ့် နေ့လယ်ပိုင်းမှာ ရေ အနည်းငယ်ပြန်တက်လာတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မိုးသည်းထန်စွာ ရွာသွန်းပြီး ရေဝင်ရောက်တဲ့ရပ်ကွက်တွေဟာ ရေထုတ်မြောင်းစနစ် မကောင်းတာ၊ ရေမြောင်းထဲ စည်းကမ်းမဲ့ အမှိုက်ပစ်ချထားတာတွေကြောင့် မြောင်းပိတ်ဆို့ကာ နေအိမ်တွေအတွင်း ရေဝင်တာဖြစ်တယ်လို့ ဆိုပါတယ်။ ရေဝင်တဲ့ ရပ်ကွက်တွေကတော့ ရတနာပုံ၊ မြဝတီ ၊အင်းရွာသစ်၊ပြည်တော်သာနဲ့ ချမ်းမြဝတီရပ်ကွက်တွေ ဖြစ်ပါတယ်။ အဲဒီရပ်ကွက်တွေမှာ မေလ၂၅ ရက် ညနေ ၃ နာရီလောက်က ရေတွေ စတင်ဝင်လာတာဖြစ်ပြီး အရင်နှစ်တွေက တစ်ခါမှ မရောက်ဖူးတဲ့ ရေအမြင့်ထိ ရောက်ရှိလာတာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မေလ(၂၆)ရက် ညနေကနေ ဇွန်လ(၂)ရက်အတွင်း တိုင်းနဲ့ပြည်နယ်အများစုမှာ နေရာစိပ်စိပ်ကနေ နေရာ အနှံ့အပြား မိုးထစ်ချုန်းရွာပြီး အချို့ဒေသတွေမှာ နေရာကွက် မိုးကြီးနိုင်တယ်လို့လည်း အထူးမိုးလေဝသ သတင်းထုတ်ပြန်ချက်အနေနဲ့ ထုတ်ပြန်ထားပါတယ်။လက်ရှိမှာ တိုင်းဒေသကြီးနဲ့ပြည်နယ်အချို့က ဒေသအချို့မှာ မိုးသည်းထန်စွာ ရွာသွန်းတာနဲ့ တောင်ကျရေ စီးဆင်းတာတွေကြောင့် လမ်းတွေပေါ်နဲ့ အနိမ့်ပိုင်းရပ်ကွက်တွေအတွင်း ရေဝင်ရောက်တာ၊ ရေကြီးရေလျှံတာတွေ ဖြစ်ပွားနေတယ်လို့ သိရပါတယ်။