ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ ဘုရားကြီးမြို့အနီးက ဝင်္ဂဘော် ECBT ဆင်စခန်းမှာ ဩဂုတ် ၂၆ ရက်၊ မနက်ပိုင်းကဆင်အမြွှာကလေး နှစ်ကောင် ပထမဆုံးအကြိမ်မွေးဖွားခဲ့တယ်လို့ ဝင်္ဂဘော် ECBT ဆင်စခန်းက တာဝန်ရှိသူတစ်ယောက်က ပြောပါတယ်။
ဝင်္ဂဘော်ဆင်စခန်းမှာရှိတဲ့ အသက် ၂၁ နှစ်အရွယ် ဆင်မကလေးပုလဲစန္ဒာက ဆင်မကလေး(အကြီး) ပုလဲဆင့်နဲ့ဆင်ထီးကလေး(အငယ်)ကျော်ပုလဲတို့ကို မွေးဖွားခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာတော့ မိခင်ဆင်မနဲ့ဆင်အမြွှာနှစ်ကောင်ရဲ့ ကျန်းမာရေးဟာကောင်းမွန်ပြီး အများပြည်သူတွေ လာရောက်ကြည့်ရှုနိုင်ဖို့ ပြသပေးထားတယ်လို့လည်း ဝင်္ဂဘော် ECBT ဆင်စခန်းက တာဝန်ရှိသူတစ်ယောက်ကပြောပါတယ်။

ဆင်အမြွှာနှစ်ကောင်မှာ မွေးဖွားစတုန်းက အရပ်အနည်းငယ်နိမ့်တဲ့အတွက် မိခင်ဆင်မ နို့မမီလို့ နို့စို့နိုင်ဖို့ ခုံပြုလုပ်ပေးထား ရသလို မိခင်ဆင်မရဲ့ နို့တစ်မျိုးတည်းနဲ့ ဆင်ကလေးတွေ နို့မဝနိုင်လို့ Dumex ကိုဖျော်ပြီး နို့ဗူးနဲ့တိုက်ကျွေးပြုစုနေရပါတယ်။ မိခင်ဆင်မကိုလည်း အာဟာရတွေပြည့်ဝပြီး နို့ထွက်ကောင်းစေဖို့ ဖြည့်စွက်စာစပါးကို ကျွေးပေးနေရတယ်လို့သိရပါတယ်။
ဒါ့အပြင် ဝင်္ဂဘော်ဆင်စခန်းမှာ မွေးဖွားတဲ့ဆင်အမြွှာလေးမောင်နှမကိုတော့ မိခင်ဆင်မကရန်မပြုဘူးလို့ဆိုပါတယ်။ထူးခြားပြီးချစ်စရာကောင်းတဲ့ ဆင်အမြွှာလေးမောင်နှမကိုလာကြည့်ရင်း ဆင်စခန်းမှာလာရောက်အပန်းဖြေဖို့လည်း ဝင်္ဂဘော်ဆင်စခန်းမိသားစုကလည်းဖိတ်ခေါ်ထားပါတယ်။