အခုဘဏ္ဍာနှစ်မှာ ခေတ်မီစံပြ ကျေးရွာစီမံကိန်းအဖြစ် ကျေးရွာ ၄၀ မှာ ကျပ်သန်း ၂၄၀၀ နဲ့ ဆောင်ရွက်သွားမယ် လို့ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနကနေ သိရပါတယ်။ စီမံကိန်းကိုတော့ ကယားပြည်နယ်၊ ချင်းပြည်နယ်နဲ့ စစ်ကိုင်းတိုင်းဒေသကြီးမှအပ ကျန်တိုင်းဒေသကြီးတွေရှိ မြို့နယ် ၄၀ မှာရှိတဲ့ ကျေးရွာ ၄၀ ကို ကျေးရွာတစ်ရွာကို ကျပ်သန်း ၆၀ နဲ့ စုစုပေါင်း ကျပ်သန်း ၂၄၀၀ အကုန် ကျခံပြီး ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
လက်ရှိမှာတော့ ခေတ်မီစံပြကျေးရွာ စီမံကိန်းဆောင်ရွက်ဖို့ ကျေးရွာရွေးချယ် အတည်ပြုတာ၊ စီမံချက်ရေးဆွဲ တာနဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေကို ရွေးချယ်ဆောင်ရွက်နေပြီး သက်ဆိုင်ရာ တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရ အဖွဲ့တွေရဲ့ အတည်ပြုချက်ရရင်တော့ ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာနက တာဝန်ရှိသူတစ်ယောက်က ပြောပါတယ်။
ခေတ်မီစံပြကျေးရွာတွေမှာတော့ ခေတ်မီဒီဂျစ်တယ်နည်းပညာစနစ်တွေကို အသုံးပြုပြီး ကျေးရွာသူ၊ ကျေးရွာသား တွေရဲ့ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေးနဲ့ နေ့စဉ်လူမှုနေထိုင်မှုပုံစံတွေ ပိုမိုဖွံ့ဖြိုးတိုးတက်လာဖို့ ရည်ရွယ်ပြီး ဆောင်ရွက်တာဖြစ်တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်မှာတော့ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းတွေအနေနဲ့ ကျေးရွာ ၈၈ ရွာမှာ လုပ်ငန်းပေါင်း ၁၆၀၀ ကျော်ကို ကျပ်သန်း ၂၃ ဘီလီယံကျော်နဲ့ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့တယ်လို့ ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ဦးစီးဌာနက သိရပါတယ်။