တောင်သူလယ်သမားတွေရဲ့ အဓိကထုတ်ကုန်တစ်ခုဖြစ်တဲ့ ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှုမှာ အထောက်အပံ့ဖြစ် စေနိုင်မယ့် စိုက်ပျိုးစရိတ်တွေ သက်သာစေဖို့ ဆောင်ရွက်ပေးသွားမယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ဥက္ကဋ္ဌ ဦးရဲမင်းအောင်က ပြောပါတယ်။ နိုဝင်ဘာ ၂၇ ရက် ညနေပိုင်းက ရန်ကုန်မြို့၊ လမ်းမတော်မြို့နယ်၊ မင်းရဲကျော်စွာ လမ်း၊ UMFCCI မှာရှိတဲ့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှာ ပြုလုပ်တဲ့ သတင်းမီဒီယာတွေနဲ့တွေ့ဆုံဆွေးနွေးပွဲမှာ အခုလို ပြောကြားခဲ့တာပါ။
အဲဒီလို ထောက်ပံ့ရာမှာ မြေသြဇာနဲ့ မျိုးစပါးတွေ ထောက်ပံ့ဖို့ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။ ပြည်တွင်း ဆန်လုံလောက်မှုရှိစေဖို့ ပုံမှန်မိုးစပါးအပြင် နိုင်ငံတော်က ချမှတ်ထားတဲ့ တစ်နှစ်ကို နွေစပါးဧက ၃ သန်း စိုက်ပျိုးရမယ့် ညွှန်ကြားချက်အပေါ် ပြည့်မီအောင်စိုက်ပျိုးနိုင်ဖို့ ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် သဘာဝဘေးကြောင့် ပျက်စီးဆုံးရှုံးမှုတွေအတွက်လည်း ရေကျပြီးနောက် နွေစပါးတွေ စိုက်ပျိုးထားတယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံမှာ ဆန်စပါးစိုက်ပျိုးထုတ်လုပ်တဲ့တောင်သူ ၄ သန်းခန့်ရှိပြီး တစ်ဦးချင်း အကျိုးစီးပွားထက် လယ်ယာ ကုန်ထုတ်အသင်းအစုအဖွဲ့နဲ့ လိုအပ်ချက်တွေကို စုပေါင်းဆောင်ရွက်ဝယ်ယူရောင်းချတာတွေ ပြုလုပ်တဲ့အပေါ် အသင်းချုပ်အနေနဲ့ ပံ့ပိုးမှုတွေ ပေးသွားမယ်လို့ သိရပါတယ်။