ရေဘေးသင့်ဒေသတွေမှာ ထိခိုက်/ပျက်စီးတဲ့ စိုက်ပျိုးရေးလုပ်ငန်းတွေနဲ့ တောင်သူလယ်သမားတွေအတွက် ပြန်လည်ထူထောင်ရေးဆောင်ရွက်ဖို့ ကျပ်သိန်းပေါင်း ၁၇၅၀၀ ထည့်ဝင်ဆောင်ရွက်ထားတယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က အောက်တိုဘာ ၇ ရက်မှာထုတ်ပြန်ပါတယ်။
မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်အနေနဲ့ ညီနောင်အသင်းတွေရဲ့ ပူးပေါင်းပါဝင်လှူဒါန်းမှုတို့နဲ့ ရေဘေးသင့်ဒေသတွေမှာ ထိခိုက်/ပျက်စီးတဲ့ စိုက်ပျိုးရေးလုပ်ငန်းတွေနဲ့ တောင်သူလယ်သမားတွေအတွက် ပြန်လည်ထူထောင်ရေးဆိုင်ရာအစီအစဉ်တွေကို စီစဉ်ဆောင်ရွက်နေတယ်လို့ဆိုပါတယ်။
အဲဒီ အစီအစဉ်တွေအရ ဆန်အိတ်တွေလှူဒါန်းတာ၊ မျိုးစပါးတွေလှူဒါန်းတာ၊ ဓာတ်မြေဩဇာတွေလှူဒါန်းတာစတဲ့ အစီအစဉ်တွေအတွက် လှူဒါန်းငွေကျပ်သိန်း ၅၀၀၀ နဲ့ ပြန်လည်စိုက်ပျိုးနိုင်ရေးအတိုးမဲ့ချေးငွေ ထုတ်ပေးနိုင်ဖို့အတွက် တောင်သူ လယ်သမားအခွင့်အရေးကာကွယ်ရေးနဲ့ အကျိုးစီးပွားမြှင့်တင်ရေးဦးဆောင်အဖွဲ့၊ စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ဆည်မြောင်းဝန်ကြီးဌာနတို့ကတစ်ဆင့် အရင်းမပျောက်မတည်ငွေအဖြစ် ကျပ်သိန်း ၁၂၅၀၀ ကို ထည့်ဝင်ဆောင်ရွက်ထားတယ်လို့ထုတ်ပြန်ချက်အရသိရပါတယ်။
ဒါ့အပြင် လယ်ယာစိုက်ပျိုးရေးနဲ့ဆက်စပ်တဲ့ ပြန်လည်ထူထောင်ရေးအစီအစဉ်တွေမှာ နိုင်ငံတော်အစိုးရဌာနတွေ၊ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့လည်း ထုတ်ပြန်ထားပါတယ်။