မန္တလေးငလျင်ကြီးလှုပ်ခတ်အပြီး ၃၆ နာရီအတွင်း နိုင်ငံတကာရှာဖွေကယ်ဆယ်ရေးအဖွဲ့တွေ မရောက်မီအချိန် ကာလမှာ မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနရှိ ရှာဖွေကယ်ဆယ်ရေးအဖွဲ့တွေအနေနဲ့ ငလျင်ဒဏ်သင့်ဒေသတွေက အသက်ရှင်သူ ၆၀၀ ကျော်ကို ကယ်ဆယ်နိုင်ခဲ့တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က ပြောပါတယ်၊၊

မေလ ၅ ရက် မနက်ပိုင်းက ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်ရှိ သီတာခန်းမမှာ ကျင်းပပြုလုပ်တဲ့ (၇၉)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အခမ်းအနားမှာ ပြောကြားခဲ့တာပါ၊၊အင်းအားပြင်း မြေငလျင်လှုပ်ခတ်ပြီးနောက် နိုင်ငံတကာရှာဖွေကယ်ဆယ်ရေးအဖွဲ့တွေ မရောက်မီအချိန်ကာလ အတွင်းမှာ ဘေးဒဏ်သင့်ဒေသအသီးသီးမှာ ဒေသအလိုက် အသင့်စုဖွဲ့ထားရှိတဲ့ မီးသတ်ဦးစီးဌာနရှိ ရှာဖွေကယ် ဆယ်ရေးအဖွဲ့တွေဟာ ၁၂ နာရီအတွင်း အသက်ရှင်သူ ၃၉၁ ယောက်နဲ့ သေဆုံးသူ ၁၄၅ ယောက် အပါအဝင် ၃၆ နာရီအတွင်းမှာ အသက်ရှင်သူ ၆၀၄ ယောက်နဲ့ သေဆုံးသူ ၃၄၈ ယောက်တို့ကို ရှာဖွေကယ်ဆယ်နိုင်ခဲ့တာကို တွေ့ရတယ်လို့ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က ပြောပါတယ်၊၊

နိုင်ငံတကာရှာဖွေကယ်ဆယ်ရေးအဖွဲ့တွေကလည်း အသက်ရှင်သူ ၈ ယောက်နဲ့ သေဆုံးသူ ၁၉၉ ယောက်တို့ကို မီးသတ်ဦးစီးဌာနရှိ ရှာဖွေကယ်ဆယ်ရေးအဖွဲ့တွေနဲ့အတူ ပူးပေါင်းကယ်ဆယ်နိုင်ခဲ့ပြီး ဖြစ်စဉ်တစ်ခုလုံးမှာ အသက် ရှင်သူ ၆၅၃ ယောက်ကို ရှာဖွေကယ်ဆယ်ပေးနိုင်မှုနဲ့ သေဆုံးသူ ၇၈၈ ယောက်တို့ကို ရှာဖွေထုတ်ယူနိုင်တဲ့အပေါ် နိုင်ငံတကာရှာဖွေ ကယ်ဆယ်ရေးအဖွဲ့တွေက မီးသတ်ဦးစီးဌာနအပေါ် လေးစားချီးကျူးရတဲ့အထိ နိုင်ငံတကာ အဆင့်မီ စွမ်းဆောင်နိုင်ခဲ့တယ်လို့ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က ပြောပါတယ်၊၊ ဒါ့အပြင် မီးသတ်ဦးစီးဌာနက ရှာဖွေကယ်ဆယ်ရေးအဖွဲ့ဝင်တွေဟာ ငလျင်ဘေးအန္တရာယ် ကျရောက်မှုရဲ့ နောက် ဆက်တွဲ ဖြစ်စဉ်တွေဖြစ်တဲ့ သောက်သုံးရေ ယာယီပြတ်လပ်တာတွေအပေါ် သောက်သုံးရေဖြန့်ဝေတာ၊ အပျက် အစီးရှင်းလင်းရေးနဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေမှာအားတက်သရော ပါဝင်ကူညီဆောင်ရွက်နေတာကို လည်း ကျေနပ်အားရဖွယ်တွေ့ရှိရတယ်လို့ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က ပြောပါတယ်၊၊