မကွေးတိုင်းဒေသကြီး၊ အောင်လံနဲ့ဆင်ပေါင်ဝဲမြို့နယ်တွေမှာ အခုနှစ် ဝါအထွက်နှုန်းလျော့ကျပြီး ဈေးကောင်း ရနေတယ်လို့ ဝါအဝယ်ဒိုင်တွေရဲ့ ပြောကြားချက်အရ သိရပါတယ်။ အရင်နှစ်တွေက ဝါစိုက်တစ်ဧကမှာ ဝါပိဿာ ၄၀၀ ကျော်ထွက်ရှိခဲ့ပြီး အခုနှစ်မှာ မိုးများတဲ့အတွက် ပိဿာတစ်ရာဝန်းကျင်သာ ထွက်ရှိတယ်လို့ ဆိုပါတယ်။

ဝါအဝယ်ဒိုင်တွေဆီကိုတော့ နေ့စဥ် ဝါပိဿာနှစ်ရာကျော် အဝင်ရှိတယ်လို့ သိရပါတယ်။အခုနှစ်ထွက်တဲ့ဝါတွေကတော့ အရည်အသွေးကောင်းပြီး ဝါတစ်ပိဿာကို ကျပ် ၄၇၀၀ စျေးရှိတယ်လို့ဆိုပါတယ်။လက်ရှိမှာတော့ နိုင်ငံတော်အနေနဲ့ ဝါသီးနှံစိုက်ပျိုးရေးစီမံကိန်းကာလကို ၂၀၂၂-၂၀၂၃ ခုနှစ် ကနေ ၂၀၂၅-၂၀၂၆ ခုနှစ်အထိ သတ်မှတ်ထားပြီး အခု ၂၀၂၄-၂၀၂၅ ခုနှစ်မှာတော့ စီမံကိန်းဒေသတွေမှာ ဝါဧက ၆ သိန်းကျော် စိုက်ပျိုးထားတယ်လို့ စိုက်ပျိုးရေးဦးစီးဌာနကနေ သိရပါတယ်။

ဝါတစ်ဧကကို ပန်းတိုင်အထွက်နှုန်း ပိဿာ ၇၀၀ ရရှိဖို့လိုပြီး ဝါကုန်ကြမ်းတွေကို ချည်ချောတွေ ထုတ်လုပ်နိုင်မယ်ဆိုရင် ပြည်ပကနေ ချည်ထည်တွေ တင်သွင်းနေရမှုကို လျှော့ချနိုင်မှာဖြစ်တယ်လို့ နစကဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီး ချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြီးခဲ့တဲ့ မတ်လ ၇ ရက်က ပြုလုပ်ခဲ့တဲ့ ဝါသီးနှံစိုက်ပျိုးထုတ်လုပ်မှုနှင့် ချည်မျှင်နှင့်အထည်အလိပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးညှိနှိုင်းဆွေးနွေးပွဲမှာ ပြောကြားခဲ့ပါတယ်။