ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်အတွင်း ကျရောက်နေတဲ့ အောင်နိမိတ်ဒီရေတောကို ကြိုးပြင် ကာကွယ်တောအဖြစ် ဧပြီ(၃၀)ရက်နေ့ကစပြီး သတ်မှတ်လိုက်တယ်လို့ သယံဇာတနှင့် သဘာပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနက အသိပေးကြေညာပါတယ်။အောင်နိမိတ်ဒီရေတော ကြိုးပြင်ကာကွယ်တောဟာ ဧရိယာအကျယ်အဝန်း ၂၈၃၉၂ ဧက ရှိတာဖြစ်ပါတယ်။

ဒီရေတောဂေဟစနစ် ရေရှည်တည်တံ့စေဖို့၊ ဇီဝမျိုးစုံမျိုးကွဲတွေ၊ ပေါကြွယ်ဝစေဖို့၊ လှိုင်းဒဏ်၊ လေမုန်တိုင်းဒဏ် ခံစားရမှုတွေကို သဘာဝအစိမ်းရောင် တံတိုင်းကြီးတွေသဖွယ် ကာကွယ်ဖို့၊ ကမ်းရိုးတန်းဒေသ ရေရှည်တည်တံ့စေ ဖို့နဲ့ ကုန်းတွင်းပိုင်းကို ဆားငန်ရေဝင်ရောက်မှုတွေမှ တားဆီးကာကွယ်နိုင်ဖို့၊ ဒီရေတောဂေဟစနစ်စီမံအုပ်ချုပ်မှု ပိုမိုကောင်းမွန်လာစေဖို့တို့အတွက် ရည်ရွယ်ပြီး အခုလို သတ်မှတ်တာဖြစ်တယ်လို့ ဆိုပါတယ်။အခုလို ကြိုးပြင်ကာကွယ်တော သတ်မှတ်လိုက်တာကြောင့် အဲဒီဧရိယာအတွင်း ပေါက်ရောက်နေတဲ့ ဒီရေတော သစ်မျိုးတွေဖြစ်တဲ့ သမဲ့၊ လမု၊ သရော၊ ကန့်ပလာ၊ သခွတ်၊ ရေခရားသစ်မျိုးတွေကို ထိန်းသိမ်းနိုင်တာ၊ ငါးမျိုးစုံ၊ ပုစွန်မျိုးစုံ၊ ခရုမျိုးစုံ၊ ကဏန်းမျိုးစုံတို့ရဲ့ ရှင်သန်ပေါက်ဖွားရာ ဂေဟစနစ် ပိုမိုကောင်းမွန်လာစေတာ၊ ဘုတ်၊ တင်ကျီးငှက်၊ ဗျိုင်း၊ ငှက်ကျား၊ ခရုစုပ်ငှက်၊ ဘီလုံးငှက်၊ စင်ရော်ငှက် စတဲ့ ငှက်မျိုးတွေရဲ့ နေရင်းဒေသကို ထိန်းနိုင်တာ စတဲ့ အကျိုးကျေးဇူးတွေ ရရှိနိုင်မှာဖြစ်ပါတယ်။

အဲဒီအပြင် ဒေသခံပြည်သူတွေရဲ့ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှု အထောက်အကူပြုနိုင်တာ၊ ဒီရေတောတွေဟာ အဏ္ဏဝါဂေဟစနစ်ကို တည်ငြိမ်မှုအတွက် အရေးပါတဲ့ ဂေဟစနစ်တစ်ခုဖြစ်တာနဲ့ သဘာဝဘေးအန္တရာယ်မှ ကာကွယ်ပေးနိုင်တာ စတဲ့ အကျိုးကျေးဇူးတွေလည်း ရရှိနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။