ဥစားကြက်မွေးမြူရေးလုပ်ငန်းတွေမှာ ကြက်စာစျေးမြင့်တက်နေပြီး ကြက်ဥစျေး ကျဆင်းနေတာကြောင့် အမြတ် ရရှိမှု နည်းနေတယ်လို့ ကြက်မွေးမြူရေးလုပ်ကိုင်သူတွေက ပြောပါတယ်။ ပြီးခဲ့တဲ့နှစ်က ကြက်စာတစ်အိတ်ကို ကျပ် ၉ သောင်း ဝန်းကျင်သာ စျေးရှိခဲ့ပေမယ့် အခုလက်ရှိမှာ တစ်အိတ်ကို ကျပ် ၁ သိန်း ၃ သောင်းဝန်းကျင် စျေး ရှိနေပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလကစကာ ကြက်ဥစျေးက အကျဘက်မှာရှိနေခဲ့တာပါ။ ကြက်ဥ အရွယ်အစား အလိုက် ကျပ် ၃၅၀ ကနေ ၄၀၀ ကျော်ထိ ဈေးအမျိုးမျိုးရှိကာ အရင်က ၄၂၀ လောက် ရောင်းရတဲ့ ကြက်ဥ တစ်လုံးဟာ အခုဆိုရင် ၃၅၀ လောက်သာ ရောင်းချနေရတယ်လို့ ဆိုပါတယ်။ကြက်စာစျေး မြင့်တက်နေတာအပြင် သယ်ယူပို့ဆောင်ရေး အခြေအနေတွေကြောင့် အမြတ်ရရှိမှု နည်းတယ်လို့ ဥစားကြက်မွေးမြူရေးလုပ်ကိုင်သူ ဦးကျော်ဇင်ထွန်းက ပြောပါတယ်။

ပူပြင်းတဲ့ အခုလို နွေရာသီမှာ ကြက်ဥက အထားမခံတာကြောင့် ရတဲ့စျေးနဲ့ရောင်းချနေရတယ်လို့ ဆိုပါတယ်။ မကွေးတိုင်းအတွင်းမှာ တစ်ပိုင်တစ်နိုင်မွေးမြူရေးလုပ်ငန်းတွေအနေနဲ့ ဝက်မွေးမြူရေး၊ နို့စားနွားမွေးမြူရေး၊ cp ကြက်မွေးမြူရေးနဲ့ ဥစားကြက်မွေးမြူရေးတွေကို လုပ်ကိုင်နေကြတယ်လို့ သိရပါတယ်။