ပြည်တွင်းမှာ ပဲပုပ်သီးနှံ စိုက်ပျိုးတာဟာ ရာသီဥတု အခြေအနေ မြေနေရာအနေအထားကို ချိန်ဆစိုက်ပျိုးရတဲ့ အတွက် စိုက်ဧကနည်းသလို ပြည်ပကို တင်ပို့ရာမှာလည်း ရရှိတဲ့အကျိုးအမြတ် နည်းတာကြောင့် တင်ပို့မှု နည်း တယ်လို့ မြန်မာနိုင်ငံ ပဲမျိုးစုံ၊ပြောင်းနှင့်နှမ်းကုန်သည်များအသင်းက တာဝန်ရှိသူတစ်ယောက်က ပြောပါတယ်။

ပဲပုပ်သီးနှံဟာ ပြည်ပတင်ပို့တာထက် ပြည်တွင်းမှာ ဈေးကောင်းပိုရတာကြောင့် ပြည်ပတင်ပို့မှု နည်းလာတာ ဖြစ်တယ်လို့ ပဲနှမ်းဈေးကွက်ကနေ သိရပါတယ်။မြန်မာနိုင်ငံကနေ တရုတ်နိုင်ငံကို ပဲပုပ်သီးနှံတင်ပို့မှာ ဖြစ်တဲ့အတွက် စိတ်ဝင်စားတဲ့ကုမ္ပဏီတွေအနေနဲ့ အဆို ပြုလွှာ(EOI) လျှောက်ထားဖို့ စိုက်ပျိုးရေးဦးစီးဌာနက ဇန်နဝါရီ(၁၅)ရက်မှာ လျှောက်လွှာ ခေါ်ယူထားပါတယ်။မြန်မာ့ပဲပုပ်သီးနှံဟာ ပြည်ပဈေးကွက်မှာ နေရာတစ်ခု ရရှိထားပေမယ့်လည်း တောင်သူတွေနဲ့ ကုန်သည်တွေ အတွက် အကျိုးအမြတ် နည်းတဲ့အတွက် တင်ပို့မှုက လျော့ကျလာတယ်လို့ မြန်မာနိုင်ငံ ပဲမျိုးစုံ၊ပြောင်းနှင့် နှမ်းကုန်သည်များအသင်းရဲ့ အကြံပေး ဦးစိုးဝင်းမောင်က ပြောပါတယ်။

ပြည်တွင်းက စိုက်ပျိုးထွက်ရှိတဲ့ ပဲပုပ်သီးနှံကို ပြည်တွင်းမှာပဲ အသုံးများပြီး လက်ရှိမှာ စားသုံးဆီထုတ်လုပ်ပြီး ပဲပုပ်ဖတ်ကို မွေးမြူရေး အစာထုတ်လုပ်တဲ့ လုပ်ငန်းတွေမှာ ပြန်လည်အသုံးပြုဖို့ ပြင်ဆင်နေတဲ့ ကုမ္ပဏီတွေ လည်း ရှိနေတယ်လို့ သိရပါတယ်။မြန်မာနိုင်ငံက ပဲပုပ်တင်ပို့မှုအနေနဲ့ တရုတ်နိုင်ငံ၊ ဗီယက်နမ်၊ အိန္ဒိယနဲ့ ထိုင်းနိုင်ငံတို့ကို တင်ပို့နေပြီး အခု ဘဏ္ဍာ နှစ်ထဲမှာတော့ ပဲပုပ်တန်ချိန် ၂၀ သာ တင်ပို့မှုရှိတယ်လို့ သိရပါတယ်။