သွင်းအားစုတွေ ရောင်းချနေတဲ့ အရောင်းဆိုင်တွေကို သတ်မှတ်ရည်ညွှန်းဈေးထက်ကျော်လွန်ပြီး ပိုမိုရောင်းချမှု ရှိရင် စိစစ်ကြီးကြပ်ဖို့ နေပြည်တော် အပါအဝင် သက်ဆိုင်ရာ တိုင်းနဲ့ပြည်နယ်အစိုးရအဖွဲ့တွေကို အကြောင်းကြား ထားပြီး ဖြစ်တယ်လို့ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာနက ဖြေကြားထားပါတယ်။
ဓာတ်မြေဩဇာ ရောင်းချတဲ့ ကုမ္ပဏီတွေကို သတ်မှတ်ရည်ညွှန်းဈေးထက် ပိုမိုရောင်းချမှု မရှိစေရေးအတွက် ထိန်းချုပ်မှုအနေနဲ့ ဦးဆောင်ကော်မတီက ရည်ညွှန်းဈေးနှုန်းတွေ ထုတ်ပြန်ပြီးနောက် ရန်ကုန်အထိုင် ဈေးနှုန်းအပေါ် ဒေသအလိုက် သယ်ယူစရိတ်နဲ့ အရောင်းဆိုင်အမြတ်တို့ကို ထည့်ပေါင်းထားတဲ့ ဈေးနှုန်းနဲ့ ရောင်းချပေးဖို့ အသိပေး ထိန်းချုပ်နေတယ်လို့ ဆိုပါတယ်။

ယူရီးယားမြေဩဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီက ဩဂုတ် ၁၆ ရက် ကနေ စက်တင်ဘာ ၁၅ ရက်အထိ သတ်မှတ်ထားတဲ့ ရန်ကုန်အထိုင်ဈေး ဓာတ်မြေဩဇာ ရည်ညွှန်းဈေးတွေ အနေနဲ့ ယူရီးယားမြေဩဇာ(အလုံးကြီး) ၅၀ ကီလို တစ်အိတ်ကို (၈၃,၀၀၀) ကျပ်၊ Rock Phosphate အခြေခံ ၁၅ ပတ်လည် ၅၀ ကီလို တစ်အိတ်ကို (၁၁၅,၀၀၀) ကျပ်နဲ့ Di Ammonium Phosphate အခြေခံ ၁၅ ပတ်လည် ၅၀ ကီလို တစ်အိတ်ကို (၁၂၈,၀၀၀)ကျပ် သတ်မှတ်ထားပါတယ်။
ရန်ကုန်အထိုင်ဈေးနှုန်းအပေါ် အခြေခံပြီး ဒေသအလိုက် သယ်ယူစရိတ်နဲ့ အရောင်းဆိုင်အမြတ်တို့ ပါဝင်တဲ့ ဈေးနှုန်းထက် ပိုမိုရောင်းချနေတဲ့ ဒေသအလိုက် အရောင်းဆိုင်အမည်တွေကို တိတိကျကျသိရှိရင် သတင်းပေးပို့ နိုင်တယ်လို့လည်း သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနက ဖြေကြားထားပါတယ်။