ဒေသတချို့မှာ စပါးခင်းတွေရေကြီးနစ်မြုပ်တာတွေကြောင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း မြန်မာ့အာမခံလုပ်ငန်းမှာထားရှိတဲ့ ရာသီဥတုညွှန်းကိန်းအခြေပြုသီးနှံအာမခံအတွက် လျော်ကြေးငွေကျပ် ၁၂ ဘီလီယံကျော် ပေးလျော်သွားမယ်လို့စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်ကပြောပါတယ်။
စက်တင်ဘာ ၁၁ ရက်ကကျင်းပတဲ့ ပြည်ထောင်စုကုန်ဈေးနှုန်းတည်ငြိမ်ရေးကော်မတီအစည်းအဝေးမှာ ကော်မတီဥက္ကဋ္ဌလည်းဖြစ်တဲ့ဦးဝင်းရှိန်က အခုလိုပြောကြားလိုက်တာပါ။
ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနဲ့ မွန်ပြည်နယ်တို့မှာ စုစုပေါင်းလျော်ကြေးငွေကျပ် ၁၂ ဒသမ ၂၆၅ ဘီလီယံ ပေးအပ်သွားမှာဖြစ်တယ်လို့ဆိုပါတယ်။ လယ်သမားတွေအနေနဲ့ ဆုံးရှုံးမှုတွေမရှိစေဖို့အတွက် ရာသီဥတုညွှန်းကိန်းအခြေပြု သီးနှံအာမခံထားရှိရေးနဲ့ဆုံးရှုံးမှုတွေဖြစ်ပေါ်လာရင် အာမခံလျော်ကြေးပေးအပ်နိုင်မှုအခြေအနေတွေကိုလည်း ပြည်သူတွေသိရှိအောင်အသိပညာပေးဆောင်ရွက်ရမှာဖြစ်တယ်လို့ ပြောပါတယ်။
ဒါ့အပြင် စပါးအထွက်နှုန်းမကျဆင်းစေဖို့ ပြန်လည်စိုက်ပျိုးမယ့်မျိုးစပါး၊ မြေဩဇာနဲ့စိုက်ပျိုးရေးဆေးတွေ အချိန်မီရရှိရေးအတွက် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်အပါအဝင် သက်ဆိုင်ရာတာဝန်ရှိသူတွေအားလုံး ပူးပေါင်းဆောင်ရွက်သွားရမှာဖြစ်တယ်လို့လည်း ပြည်ထောင်စုဝန်ကြီးဦးဝင်းရှိန်ကပြောကြားခဲ့ပါတယ်။