အခုဘဏ္ဍာနှစ် ၃ လကျော်အတွင်း ပြည်ပကို ရေထွက်ကုန်ပစ္စည်းတင်ပို့မှုကနေ အမေရိကန်ဒေါ်လာ ၁၆၄ ဒသမ ၈ သန်းဖိုး ရရှိခဲ့တယ်လို့ ငါးလုပ်ငန်းဦးစီးဌာန၊ ဖွံ့ဖြိုးရေးနှင့် သုတေသနဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးညွန့်ဝင်းက ပြောပါတယ်။
အခုဘဏ္ဍာနှစ် ရေထွက်ကုန်တင်ပို့မှုက ရရှိတဲ့ဝင်ငွေဟာ အရင်ဘဏ္ဍာနှစ် အလားတူကာလနဲ့ နှိုင်းယှဉ်ရင်တော့ အမေရိကန်ဒေါ်လာ ၁၃ သန်းဖိုးလောက် ပိုမို ရရှိတယ်လို့ ဆိုပါတယ်။
ရေထွက်ကုန်တင်ပို့မှုအနေနဲ့ ပုံမှန်ကုန်သွယ်မှုကနေ တန်ချိန် ၆၈၈၀၀ ကျော်ရှိပြီး ကန်ဒေါ်လာ ၁၁၄ သန်းဖိုးနဲ့ အများဆုံး ရရှိထားကာ အခြားနယ်စပ်ကုန်သွယ်ရေးကနေ တင်ပို့မှုတွေလည်း ရှိတယ်လို့ ဆိုပါတယ်။

ရေထွက်ကုန်တင်ပို့မှုမှာတော့ အရှင်တင်ပို့မှုအနေနဲ့ ကဏန်း၊ ငါးရှဉ့်၊ ကျောက်ပုစွန်နဲ့ ကင်းပုစွန်တွေကို စင်ကာပူ၊ မလေးရှား၊ အိန္ဒိယ စတဲ့ နိုင်ငံတွေကို တင်ပို့တာ ဖြစ်တယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံမှာ မွေးမြူရေးကဏ္ဍအနေနဲ့ ငါး၊ ပုစွန် မွေးမြူ ဧကပေါင်း ၅ သိန်းကျော်ရှိပြီး ရေချိုငါးကို အဓိကထား မွေးမြူတာ ဖြစ်ကာ တင်ပို့မှုအနေနဲ့ ထိုင်းနိုင်ငံနဲ့ တရုတ်နိုင်ငံကို အများဆုံးတင်ပို့တာ ဖြစ်တယ်လို့ သိရပါတယ်။