မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ပျက်စီးသွားတဲ့ မိုးစပါးဧရိယာတွေမှာ အထွက်နှုန်းမကျဆင်းစေဖို့နဲ့ ပြန်လည်စိုက်ပျိုးနိုင်ဖို့အတွက် မျိုးစပါး၊ သွင်းအားစုမြေသြဇာနဲ့ စိုက်ပျိုးရေး ဆေးတွေကို တက်နိုင်သမျှ ပံ့ပိုးပေးမယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ဇူလိုင် ၂၆ ရက်မှာ ထုတ်ပြန်ပါတယ်။
မြန်မာနိုင်ငံရဲ့ ဒေသအချို့မှာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မိုးစပါးစိုက် လယ်မြေအချို့မှာ ရေကြီးနစ်မြုပ်မှုတွေ ဖြစ်ပေါ်နေတယ်လို့ ဆိုပါတယ်။
အဲဒီလို ထိခိုက်မှုဖြစ်ပေါ်တဲ့ မိုးစပါးဧရိယာတွေမှာ အထွက်နှုန်းမကျဆင်းစေရေးအတွက် သွင်းအားစု မြေဩဇာနဲ့ ဆေးတွေ ထည့်သွင်းနိုင်ဖို့ ပြန်လည်စိုက်ပျိုးဖို့ လိုအပ်တဲ့ နေရာတွေမှာ ရာသီချိန်မီပါက စပါးပြန်လည် စိုက်ပျိုးနိုင်ရေးအတွက် လိုအပ်မယ့် မျိုးစပါး၊ မြေဩဇာတွေနဲ့ စိုက်ပျိုးရေးဆေးတွေကို မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်နဲ့ ညီနောင်အသင်းအဖွဲ့တွေ အသင်းဝင် ကုမ္ပဏီတွေအနေနဲ့ တတ်နိုင်သမျှ ဝိုင်းဝန်းကူညီပံ့ပိုးဆောင်ရွက်ပေးသွားမှာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။
အဲဒါကြောင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဒေသကော်မတီတွေနဲ့ ညီနောင်အသင်းခွဲတွေကို ဆက်သွယ်နိုင်သလို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနကို ဆက်သွယ်ပြီး တင်ပြအသိပေးဖို့နဲ့ အမှန်တကယ်လိုအပ်မှုရှိတဲ့ နေရာဒေသတွေအတွက် ကူညီဆောင်ရွက်ပေးနိုင်ဖို့ စီစဉ်နေတယ်လို့လည်း ထုတ်ပြန်ထားပါတယ်။