အခုနှစ်မှာ ရာသီဥတုအဆင်ပြေတာကြောင့် ယင်းချောင်းအတွင်းက ကြက်သွန်စိုက်ပျိုးခင်းတွေ အထွက်နှုန်း ကောင်းနိုင်တယ်လို ယင်းချောင်းတစ်လျှောက် ကြက်သွန်စိုက်တောင်သူတွေဆီက သိရပါတယ်။ ယင်းချောင်း တစ်လျှောက်မှာ နေထိုင်ကြတဲ့ ဒေသခံတောင်သူတွေဟာ ပွင့်လင်းရာသီမှာ ယင်းချောင်းအတွင်း အာလူးနဲ့ ကြက်သွန်တွေကို အဓိက စိုက်ပျိုးကြတာဖြစ်ပါတယ်။

ဒီနှစ်မှာတော့ အာလူးမျိုး ဈေးမြင့်မားတာကြောင့် စိုက်ပျိုးသူမရှိဘဲ ကြက်သွန်ကိုသာ စိုက်ပျိုးကြတယ်လို့ သိရပါတယ်။
အရင်နှစ်တွေက ကြက်သွန်စတင်စိုက်ချိန်မှာ မိုးရွာတာနဲ့ ကြုံတွေ့တာ များတယ်လို့ ဆိုပါတယ်။ ဒီနှစ်မှာတော့ ရာသီဥတုကောင်းမွန်ပြီး အအေးဓာတ်လည်းကောင်းတာကြောင့် စိုက်ခင်းတွေ အထွက်နှုန်းကောင်းကြမှာပါလို့ မကွေးမြို့နယ် အိုင်ကြီးကုန်းကျေးရွာက ကြက်သွန်စိုက်တောင်သူ ဦးစိုးတင့်က ပြောပါတယ်။

မကွေးဈေးကွက်မှာ ကြက်သွန်တစ်ပိဿာကို (၂၀၀၀)ကျပ်ဈေးရှိပြီး ကြက်သွန်တွေလှိုင်လှိုင်ပေါ်တဲ့ မတ်လလယ် လောက်မှာ (၁၅၀၀)ကျပ်ဈေးလောက်ရဖို့ မျှော်လင့်ကြပါတယ်။ ယင်းချောင်းမှာ ကြက်သွန်တွေကို ဇန်နဝါရီလမှာ စတင်စိုက်ပျိုးကြပြီး မတ်လလယ်လောက်မှာ စတင်ထွက်ရှိမှာ ဖြစ်တယ်လို့ သိရပါတယ်။