အခု ၂၀၂၅ – ၂၀၂၆ ဘဏ္ဍာနှစ်မှာ ပြည်ပကို နှမ်းမျိုးစုံတန်ချိန် ကိုးသောင်းဝန်းကျင် တင်ပို့ဖို့ လျာထားတယ်လို့ မြန်မာနိုင်ငံ ပဲမျိုးစုံ၊ ပြောင်းနှင့်နှမ်းကုန်သည်များအသင်းက သိရပါတယ်။ အခုဘဏ္ဍာနှစ်အတွင်း ပြည်ပကို နှမ်းမျိုးစုံတင်ပို့မှုကနေ ဝင်ငွေအမေရိကန်ဒေါ်လာ ၁၆၃ သန်း ရရှိဖို့ မျှော်မှန်းထားတာပါ။

ပြည်ပကို နှမ်းမျိုးစုံတင်ပို့မှုက နည်းနေသေးတာကြောင့် ပြည်တွင်းစိုက်ပျိုးထုတ်လုပ်မှုတိုးတက်ဖို့နဲ့ ဈေးကွက်သစ် ရှာဖွေနိုင်ဖို့အတွက် ကုန်သွယ်ဖက်နိုင်ငံတွေနဲ့ ဆွေးနွေးတာတွေ လုပ်ဆောင်နေတယ်လို့ မြန်မာနိုင်ငံ ပဲမျိုးစုံ၊ ပြောင်းနှင့်နှမ်းကုန်သည်များအသင်းရဲ့ အကြံပေးပုဂ္ဂိုလ် ဦးစိုးဝင်းမောင်က ပြောပါတယ်။

ပြီးခဲ့တဲ့ဘဏ္ဍာနှစ်က ပြည်ပကို နှမ်းမျိုးစုံ တန်ချိန် ၇၄၀၀၀ လောက်တင်ပို့ခဲ့ပြီး ပို့ကုန်ဝင်ငွေ အမေရိကန် ဒေါ်လာ ၁၁၄ သန်း ရရှိခဲ့တယ်လို့ သိရပါတယ်။

မြန်မာ့နှမ်းကို တရုတ်ကို အများဆုံးတင်ပို့နေပြီး ထိုင်း၊ ကိုရီးယား၊ ဂျပန်နဲ့ စင်ကာပူ စတဲ့ နိုင်ငံတွေကိုလည်း တင်ပို့နေပါတယ်။ ပြည်ပကို တင်ပို့နေတဲ့ နှမ်းမျိုးစုံအမျိုးအစားအလိုက် FOB ဈေးနှုန်းတွေက အနည်းဆုံး အမေရိကန်ဒေါ်လာ ၁၁၅၀ ဝန်းကျင်ကနေ ၂၅၉၀ ဝန်းကျင် ဈေးတန်း ရှိနေပါတယ်။