အခုနှစ် ဇွန်လကုန်အထိ မြေဩဇာတန်ချိန် လေးသိန်းကျော်နဲ့ ပိုးသတ်ဆေးတန်ချိန် တစ်သောင်းခန့် တင်သွင်း ထားတယ်လို့ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနက သိရပါတယ်။

ဇူလိုင် ၂၁ ရက်က ကျင်းပတဲ့ ယူရီးယားမြေဩဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီ ညှိနှိုင်းအစည်း အဝေးမှာ ဦးဆောင်ကော်မတီဥက္ကဋ္ဌ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက ပြောကြားခဲ့တာပါ။
၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွက် ဓာတ်မြေဩဇာတန်ချိန် ၁ ဒသမ ၆ သန်းနဲ့ ပိုးသတ်ဆေးတန်ချိန် ၃၂၀၀၀ တင် သွင်းနိုင်ဖို့ လျာထားဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အခုနှစ် ဧပြီကနေ စက်တင်ဘာအထိ ၆ လ အတွက် မြေဩဇာတန်ချိန် ကိုးသိန်းကျော်နဲ့ ပိုးသတ်ဆေးတန်ချိန် နှစ်သောင်းခန့် တင်သွင်းဖို့ ကုမ္ပဏီအလိုက် သွင်းကုန်လိုင်စင်ရရှိရေး ထောက်ခံပေးခဲ့တယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက ပြောပါတယ်။

နိုင်ငံတော်အကြီးအကဲရဲ့ လမ်းညွှန်ချက်နဲ့အညီ ပန်းတိုင်အထွက်နှုန်းရဖို့ လိုအပ်တဲ့ သွင်းအားစုတွေကို တောင်သူ တွေ သုံးစွဲနိုင်ရေး၊ ဖြန့်ဖြူးနိုင်ရေး၊ ပံ့ပိုးနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ပေးနေတယ်လို့ ဆိုပါတယ်။
အဲဒါကြောင့် ကုမ္ပဏီတွေအနေနဲ့ အခုဘဏ္ဍာနှစ်အတွင်း တင်သွင်းဖို့ ကျန်နေတာတွေကို အမြန်တင်သွင်းနိုင်ရေး တာဝန်ရှိသူတွေက ဝိုင်းဝန်းကြီးကြပ်ဆောင်ရွက်ရမှာ ဖြစ်တယ်လို့လည်း ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့ ပါတယ်။